ဇူလိုင် ၁၄
မိုးညှင်းမြို့နယ်ရဲမှူး၏ဇနီး ကိုဗစ်ရောဂါဖြင့် ယနေ့ကွယ်လွန်သွားပြီး အစိုးရဝန်ထမ်းအများအပြားလည်း ပိုးတွေ့လူနာထဲတွင်ပါဝင်နေသည်ဟု ဒေသခံများကပြောသည်။
မိုးညှင်းမြို့နယ်ရဲမှူး၏ အသက် ၅၀ ကျော်အရွယ်ဇနီးသည် ကိုဗစ်ရောဂါဖြင့် နံနက်က ကွယ်လွန်ခဲ့သည်ဟု ကိုဗစ်လူနာများကို ကူညီပေးနေသည့် ဒေသခံတစ်ဦးကပြောသည်။
မိုးညှင်းမြို့နယ်တွင် ဇူလိုင်၁၃ ရက် ညအထိ ပိုးတွေ့လူနာ ၁၃၀ ကျော်ရှိသည့်အနက် လျှပ်စစ်ဌာန၊ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင်နှင့် တက္ကသိုလ်မှ ဝန်ထမ်းများ ပါဝင်နေသည်ဟု သိရသည်။
" ပိုးတွေ့တဲ့အထဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပိုများနေတယ်။ တက္ကသိုလ်လုံခြုံရေးစောင့်တဲ့ရဲအချို့လည်း ပိုးတွေ့တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးညှင်းတွင် ကိုဗစ်ရောဂါဖြင့်သေဆုံးသူ နှစ်ဦးရှိနေပြီး ယခင်ရက်က ကွယ်လွန်ခဲ့သူမှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည်ဟုဆိုသည်။