ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ကူးစက်နှုန်း စံချိန်တင်နေတဲ့ကြား ဘာသာရေးပွဲတော်အတွက် တစ်နိုင်ငံလုံးလော့ဒေါင်းကို ရုပ်သိမ်းမယ် 

ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ကူးစက်နှုန်း စံချိန်တင်နေတဲ့ကြား ဘာသာရေးပွဲတော်အတွက် တစ်နိုင်ငံလုံးလော့ဒေါင်းကို ရုပ်သိမ်းမယ် 
Photo - AFP

ဇူလိုင် ၁၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုသစ်တွေ ထိုးတက်နေတဲ့ကြားက နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ဘာသာရေး အိဒ်ပွဲတော်အတွက် တစ်နိုင်ငံလုံး လော့ဒေါင်းချထားတာကို ရုပ်သိမ်းမယ်လို့ အစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။ 

တစ်နိုင်ငံလုံး လော့ဒေါင်း မရုပ်သိမ်းခင် ရက်ပိုင်းတွေအလိုမှာပဲ ဒါကာက ပြည်သူတွေဟာ မြို့တော်ကနေ ထွက်ခွာကြပြီး အိဒ်အယ်လ်အက်ဒဟာ ဘာသာရေးပွဲတော်အတွက် သူတို့ရဲ့ ရွာတွေဆီကို ပြန်နေကြပြီလည်း ဖြစ်ပါတယ်။ 

လူဦးရေ ၁၆၉ သန်းရှိရာ မွတ်စလင်အများစု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင် ၂၀ ရက်ကနေ ၂၂ ရက်အထိ ကျင်းပကြမယ့် အိဒ်ဘာသာရေးပွဲတော် အကြိုရက်မှာပဲ ကန့်သတ်စည်းမျဉ်းအားလုံးကို ကြာသပတေးနေ့ကစလို့ ဖြေလျော့ပေးသွားမယ်လို့ ကက်ဘိနက်အဖွဲ့က ပြောပါတယ်။ 

ခုလို တားမြစ်ကန့်သတ်ချက်တွေ ရုပ်သိမ်းတာဟာ ပွဲလမ်းသဘင်တွေအကြို စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပုံမှန်ပြန်ဖြစ်စေမှာ ဖြစ်တယ်လို့ ကက်ဘိနက်အဖွဲ့က ဆိုပါတယ်။ 

အိဒ်ပွဲတော် ကာလတွေမှာ သန်းပေါင်းများစွာသော ပြည်သူတွေဟာ မိသားစုတွေနဲ့အတူ သူတို့ရဲ့ ရွာတွေဆီ ပုံမှန်ပြန်ကြလေ့ ရှိတာလည်း ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုသစ်နဲ့ သေဆုံးနှုန်းတွေ ကပ်ဘေးအမြင့်ဆုံးအဖြစ် ခုန်တက်လာခဲ့တာကြောင့် အခုလအစမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အတင်းကြပ်ဆုံး လော့ဒေါင်းကို ချမှတ်ထားခဲ့တာပါ။ 

လော့ဒေါင်းအရ ပြည်သူတွေအနေနဲ့ အရေးပေါ်အခြေအနေနဲ့ မရှိမဖြစ် ပစ္စည်းတွေ ဝယ်ယူဖို့အတွက်ပဲ အိမ်ပြင်ထွက်ခွင့် ရှိတာဖြစ်သလို အများပြည်သူသယ်ယူပို့‌ဆောင်ရေးတွေ၊ ဈေးဆိုင်တွေနဲ့ ရုံးတွေကို ပိတ်ထားတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကူးစက်နှုန်းကတော့ ဆက်လက်မြင့်တက်နေပြီး တနင်္လာနေ့မှာဆိုရင် စံချိန်တင်သစ်တဲ့ တစ်ရက်တာ ကူးစက်နှုန်းအဖြစ် ၁၄၀၀၀ နီးပါး ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူဦးရေဟာ တစ်သန်းကျော်လာခဲ့ပါတယ်။ 

သေဆုံးနှုန်းဟာလည်း ၁၆၆၀၀ အထက်ထိ မြင့်တက်နေပါတယ်။ ဒါပေမဲ့ သတင်းမှတ်တမ်း မတင်နိုင်တာတွေ ရှိနေတာကြောင့် အမှန်နှုန်းထားဟာ ဒီထက်မက ပိုများနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

ကပ်ဘေးကို ဘယ်လို စီမံကိုင်တွယ်မလဲဆိုတာ အစိုးရကို အကြံပေးရတဲ့ ကျန်းမာရေးကော်မတီတစ်ရပ်က အကြီးအကဲဖြစ်သူ မိုဟာမတ်ရှာဟီဒူလက်ရှ်က လော့ဒေါင်း ဖြေလျှော့တာကို သူတို့အဖွဲ့က ကန့်ကွက်ကြောင်း ပြောပါတယ်။ 

“ကူးစက်မှုနှုန်း ကျဆင်းတဲ့ လမ်းကြောင်းပေါ်တဲ့အထိ လော့ဒေါင်းကို ဆက်လက်ထားရှိသင့်တယ်လို့ ကော်မတီအနေနဲ့ ယူဆတယ်”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

“လော့ဒေါင်းချထားတဲ့ကြားကပဲ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာ မြင့်တက်တဲ့ လမ်းကြောင်းပေါ် ရောက်နေတာ ဖြစ်တယ်၊ ကူးစက်တဲ့ အဆင့်ဟာ အတော်လေး မြင့်မားနေဆဲပဲ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

အိဒ်ပွဲတော်အတွက် ဈေးတွေမှာ တိရစ္ဆာန်တွေကို ဝယ်ယူကြမယ့် လူအုပ်တွေနဲ့ ပွဲတော်အတွင်း လူစုရုံးမှုကြီးတွေဟာ ဗိုင်းရပ်စ်ကို ပိုပြီး အမြန်အဆန် ပြန်နှံ့စေနိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly