အယ်လ်ကိုင်ဒါအုပ်စုနှင့်ဆက်စပ်နေသည့် တိုက်ခိုက်ရေးသမား နှစ်ဦးကို ဖမ်းဆီးရမိခဲ့

By malaymail.com
14 July 2021
အယ်လ်ကိုင်ဒါအုပ်စုနှင့်ဆက်စပ်နေသည့် တိုက်ခိုက်ရေးသမား နှစ်ဦးကို ဖမ်းဆီးရမိခဲ့

ကက်ရှ်မီးယားရှိ အယ်လ်ကေးဒါးအဖွဲ့ခွဲသည် လွတ်လပ်ရေးနေ့မတိုင်မီ အိန္ဒိယမြောက်ပိုင်းတွင် တိုက်ခိုက်ရန် စီစဉ်နေကြောင်း အဆိုပါ အုပ်စုနှင့် ဆက်နွှယ်နေသူများဟု သံသယရှိသူနှစ်ယောက်ကို ဇူလိုင်လ ၁၁ရက်က ဖမ်းဆီးရမိပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုအမျိုးသားနှစ်ဦးကို မြောက်ပိုင်း ဥတ္တရာပဒါဒေ့ရှ် ပြည်နယ် လက်ခနောင်းမြို့ရှိ ခရိုင်တစ်ခုတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးထားကြောင်း ရဲက ပြောကြားခဲ့သည်။

ဥတ္တရာပဒါဒေ့ရှ် ပြည်နယ်၏ ရဲချုပ် ကူမားက သူတို့နှစ်ဦး သည် အယ်လ်ကိုင်ဒါဂျီဟတ်အဖွဲ့၏ ကက်ရှ်မီးယား အဖွဲ့ခွဲ AnsarGhazwat-ul-Hind နှင့် ဆက်စပ်မှုရှိကြောင်း ပြောကြားခဲ့သည်။

"သူတို့က လူနေထူထပ်တဲ့ဈေးနေရာတွေကိုပစ်မှတ်ထားပြီး ဖောက်ခွဲဖို့ဖြစ်တယ်။ လက်ခနောင်းကတော့ အဓိကပစ်မှတ်ပါပဲ" ဟု ကူးမားက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ သြဂုတ်လ ၁၅ ရက်မတိုင်မီ တိုက်ခိုက်မှုများမှာ ဖြစ်နိုင်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

"သူတို့က ဗုံးပေါက်ကွဲမှုနဲ့ အသေခံဗုံးပေါက်ကွဲမှုတွေလုပ်ဖို့ စီစဉ်ထားပြီး လက်နက်တွေနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ စုဆောင်းနေပါတယ်”

လက်နက်များ၊ ပေါက်ကွဲပစ္စည်းများနှင့် ပေါင်းအိုးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

နျူကလီးယားပြိုင်ဘက်နှင့် အိမ်နီးချင်းဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ အချင်းများနေသည့် ကက်ရှ်မီးယား၏ ဟိမဝန္တာဒေသတွင် သူပုန်အုပ်စုငယ်တစ်ခုဖြစ်သော AnsarGhazwat-Ul-Hind ကို ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ယင်းအုပ်စုကို အယ်လ်ကိုင်ဒါအပေါ်သစ္စာခံသည့် ထိပ်တန်းစစ်သွေးကြွတစ်ဦးဖြစ်သူ ဇာကာ မူဆာက တည်ထောင်ခဲ့ပြီး ကက်ရှ်မီးယားတွင် အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ရန် တိုက်ပွဲဝင် နေခြင်းဖြစ်ကြောင်း သူက ဆိုခဲ့သည်။

မူဆာသည် ၂၀၁၉ ခုနှစ်က ကက်ရှ်မီးယားတွင် အစိုးရတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly