ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆိုင်းငံ့ပေးရန် ရခိုင်သဟာယအသင်း(ရန်ကုန်) ထုတ်ပြန်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆိုင်းငံ့ပေးရန် ရခိုင်သဟာယအသင်း(ရန်ကုန်) ထုတ်ပြန်

စစ်တွေ၊ ဒီဇင်ဘာ ၈ ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းပြုလုပ်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အား စီးပွားရေးဇုန်အဖြစ် အမိန့်ကြေငြာချက်ထုတ်ပြန်သွားမည်ကို ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဒီဇင်ဘာလ ၇ ရက်က သဘော ထားထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်အား စီးပွားရေးဇုန်အဖြစ် မိန့်ကြေငြာချက်ထုတ်ပြန်သွားရေးအား ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးနေခြင်းအပေါ် ဒေသခံများ၏ အကျိုးကို ရှေ့ရှု၍သော်လည်းကောင်း အစိုးရနှစ်ရပ်ကြား တာဝန်လွှဲပြောင်းရယူမှု၌ အဆင်ပြေချောမွေ့စေရေးတို့အား ရှေ့ရှု၍သော်လည်း ကောင်း အမိန့်ကြေငြာချက်အား ဆိုင်းငံ့ပေးရန်အတွက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရခိုင်သဟာယ အသင်း(ရန်ကုန်) ဥက္ကဋ္ဌကပြောသည်။

“ကျွန်တော်တို့ကတော့ ကျောက်မီးသွေးစက်ရုံတို့လို၊ ရေနံချက်စက်ရုံတို့လို စက်ရုံတွေပါလာမှာကို အများကြီး စိုးရိမ်တယ်။ အဲဒီလိုစက်ရုံတွေသာပါလာရင် နိုင်ငံတကာမှာရှိသလို အရင်က စက်မှုဇုန်နဲ့ပတ်သက်တဲ့ ဆိုးကျိုး တွေမြင်ရ တွေ့ရတာတွေအများကြီးရှိတယ်လေ။ အဲဒီလိုမျိုးတွေကို ကိုယ့်ဒေသမှာ မဖြစ်စေချင်ဘူး။” ရခိုင်သဟာယအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးလှမောင်သိန်းကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အား အကောင်အထည်ဖေါ်လာပါက ဒေသအတွင်း အလုပ်အကိုင်အခွင့်လမ်း များ ရရှိလာနိုင်မည်ဟုဆိုသော်လည်း နိုင်ငံတကာနှင့်ယှဉ်ကြည့်ပါက အထူးစီးပွာရေးဇုန်ပြုလုပ်ခဲ့သည့် ဒေသများတွင် ဒေသခံအများစုမှာ ကိုယ့်ဒေသကိုစွန့်ခွာသွားကြသည်များကို အများအပြားတွေ့ရကြောင်းနှင့် နိုင်ငံအတွက် အကျိုးရှိသည်ဆိုသော်လည်း မိမိတို့၏ဒေသခံအတွင်း သဘာဝပတ်ဝန်းကျင်ကိုပါ များစွာထိခိုက်မှု ရှိတတ်ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းထုတ်ပြန်ချက်တွင် အထူးစီးပွားရေးဇုန်နှင့်ပက်သက်၍ ဒေသခံများအား အသိပညာပေးမှုနည်းပါးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ဘက်ပေါင်းစုံလေ့လာဆန်းစစ်မှုများအတွက် သီးခြားလွတ်လပ် သောနိုင်ငံတကာအဆင့်မီ နိုင်ငံတကာအသိမှတ်ပြု အဖွဲ့အစည်းများအား ငှားရမ်း/တာဝန်ပေးမှုမရှိခြင်း၊ ရခိုင်ပြည်နယ်လွှတ်တော်အမတ်များ၏ စီမံကိန်းနှင့်ပတ်သက်၍ မေးခွန်းများအ ပေါ် ပွင့်လင့်မြင်သာမှုမရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်၏ထောက်ခံမှုကိုမရရှိဟုလည်း ယင်းသဘော ထားထုတ်ပြန်ချက်၌ပါရှိသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် နယ်နိမိတ် ဧရိယာအဖြစ် မြေဧက ၄၂၈၉ ဒသမ ၃၇ ကို သတ်မှတ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် စီမံကိန်း စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ဒီဇင်ဘာ ၃ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

အဆိုပါ စီမံကိန်း ဧရိယာများတွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) နယ်နိမိတ် ၃၇၀ ဒသမ ၆၆ ဧက၊ ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၂) နယ်နိမိတ် ၂၃၇ ဒသမ ၂၂ ဧက၊ စက်မှုဇုန် စီမံကိန်း နယ်နိမိတ် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့် အိမ်ရာ စီမံကိန်း နယ်နိမိတ် ၁၂၃၅ ဒသမ ၃၇ တို့ ပါဝင်မည်ဟု သိရသည်။

နယ်နိမိတ် တိုင်းတာ သတ်မှတ်ခြင်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ကာလအတွင်း တိုင်းတာ ပြီးစီးခဲ့ကြောင်း၊ စက်မှုဇုန် စီမံကိန်း နယ်နိမိတ် ဆောင်ရွက်မည့် ဧရိယာ ကျောက်ဖြူမြို့၏ တောင်ဘက် ၈ ဒသမ ၅ ကီလိုမီတာခန့် အကွာအဝေးတွင်ဖြစ်ပြီး ကန္ဒီးကျေးရွာ အုပ်စု၊ သိုင်းချောင်းကျေးရွာ အုပ်စု၊ ကြတ္တိန်ကျေးရွာ အုပ်စု၊ ကပ်သပြေကျေးရွာ အုပ်စုနှင့် ချောင်းဝကျေးရွာ အုပ်စုတို့ ပါဝင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆက်လက် ပြောကြားသည်။

ထို့အတူ အထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် ရေနက် ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) နယ်နိမိတ် ဆောင်ရွက်မည့် ဧရိယာမှာ မဒဲကျွန်း၏ မြောက်ဘက်တွင်ရှိပြီး စီမံကိန်း အမှတ် (၂) မှာ ရမ်းဗြဲကျွန်း၏ မြောက်ဘက်၊ သစ်ပုတ်တောင် အနီးတွင် ဖြစ်ကြောင်းနှင့် အဆင့်မြင့် အိမ်ရာ စီမံကိန်း နယ်နိမိတ် ဆောင်ရွက်မည့် ဧရိယာမှာ ကျောက်ဖြူမြို့၏ တောင်ဘက် ယွန်းယွန်း ၁၂ ကီလိုမီတာခန့် အကွာအဝေးတွင်ရှိပြီး ချောင်းဝကျေးရွာ အုပ်စု၊ မင်းပြင်ကျေးရွာအုပ်စုတို့ ပါဝင်ကြောင်း ဦးမြင့်သိန်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly