နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဇူလိုင် ၂၀၂၁)
(Photo : : CJ - ဇူလှိုင်လ ၁၃ ရက်နေ့ ၊ လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာရှိ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေခင်းသပိတ်စစ်ကြောင်း)

ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် ၁ လွိုင်ကော်လမ်းတွင် အောက်စီဂျင်တန်းစီ နေသူများကို စစ်ကောင်စီတပ်စစ်သားများက ယမန်နေ့ည ၉နာရီ ၅၆မိနစ် အချိန်တွင် သေနတ်ဖောက်၍ လူစုခွဲခဲ့သည်။

·       မြန်မာနိုင်ံတွင်ကိုဗစ်တတိယလှိုင်းကာလအတွင်းကိုဗစ်အတည်ပြုလူနာများပြားလာပြီး အောက်ဆီဂျင် ပြတ်လပ်မှုများကြုံတွေ့ နေရသည့်ပြည်သူများ အတွက်နွယ်အေးစွန္နီဂျာမေဗလီမှ တစ်ဘက်တစ်လမ်းမှအောက်ဆီဂျင်ကူညီပေးမှုများပြုလုပ်နေကြောင်းသိရသည်။

·       စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရန်ကုန်ကလူငယ်များ စုပေါင်းပြီး သာကေတမြို့နယ် ၁စျေး ကွေ့ အနီးတွင် မနက် ၁၀နာရီအချိန်က ပျောက်ကြားသပိတ်ဆန္ဒ ပြခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားက စစ်အာဏာရှင်ကျရှုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး နေ့စဉ်ပြုလုပ်နေကျဖြစ်သော အသံမတိတ်အလံမလိပ်တဲ့ ပြည်/ခွန် ညသပိတ်ကို ဇူလိုင် ၁၂ ရက်နေ့တွင်လည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

·       မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ဇူလိုင်လ ၁၂ရက်နေ့ ညပိုင်းက ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

·       မန္တလေးတွေ သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၃ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ၁၅၅ ရက်မြောက်နေ့ အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် စစ်အာဏာရှင်ဖြုတ်ချရေး ပုံမှန် ဆန္ဒပြနေသည့် မြတောင်နှင့် မန္တလာ သပိတ် စစ်ကြောင်း တို့ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် အချိန် သိပ္ပံလမ်းတွင် စစ်ကောင်စီ တပ် များ၏ အကြမ်းဖက် ဖြိုခွင်းခံရကြောင်း သပိတ်ဦးဆောင်သူတချို့ထံမှ သိရှိရသည်။ ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် တစ်ဦးသေနတ်ဒဏ်ရာရပြီး ၇ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

·       စစ်အာဏာရှင်ပြုတ်ကျရေး နေ့စဥ် ချီတက်ဆန္ဒပြနေသည့် အောင်မြေသာစံမြို့နယ် ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းသည်  ဇူလိုင် ၁၃ရက်၊မနက်ပိုင်းမှာ အောင်မြင်စွာ ချီတက် ဆန္ဒပြခဲ့ပြီး မန္တလေး မဟာ မြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် ကိုဗစ်နှင့် စစ်အာဏာရှင်ရန်ကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

·       မြင်းခြံမြို့မှာ ဇူလိုင်လ ၁၃ရက်နေ့ နေ့လည် ၁၁နာရီ ၄၀မိနစ်ခန့်က သေနတ်ပစ်ခတ်သံနဲ့ ဗုံးပေါက်သံတွေ နေရာအနှံ့ကြားရကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း ၁၅ ဦးတို့ကို စစ်တပ်က အစုလိုက် အပြုံလိုက် တောနင်းရှာဖွေ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

·       စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၁၂၅ ရက်မြောက်နေ့အဖြစ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ထိ ချီတက် ပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။

·       စစ်ကိုင်းတိုင်း၊ ကသာမြို့မရဲစခန်းအနီးတွင် ဇူလိုင်လ ၁၂ ရက်နေ့  ည ၉ နာရီခန့်က ဗုံးကွဲကာ ပစ်ခတ်မှုများ ရှိခဲ့ကြောင်းသိရသည်။

·       မုံရွာတွင် ယနေ့ ဇူလိုင်လ ၁၃ရက်နေ့က “ ကပ်ဆိုးကိုကျော်ဖို့ တပ်ဆိုးကိုဆော်စို့ ” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ် စစ်သူကြီး မဟာဗန္ဓုလ မွေးရပ်မြေ ငပယင်းစံပြကျေးရွာတွင် ပြည်သူများက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၃ရက်နေ့က ကိုဗစ်ရောဂါကာကွယ်ရန် MASK များ လိုက်ဝေပြီး စစ်အာဏာရှင် အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       တန့်ဆည်မြို့နယ်တွင် လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ယနေ့ ဇူလိုင်လ ၁၃ရက်နေ့က ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·       မြိုင်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁၃ရက်က တောင်ပိုင်းဇုန်ရှိ ပြည်သူများဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မကွေးတိုင်း နတ်မောက်မြို့နယ်တွင် ယနေ့ ဇူလိုင် ၁၃ရက်နေ့က ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအား ဘေးအန္တရာယ် ကင်းရှင်းစေရန် လူငယ်များ ဦးဆောင်ကာ ဆုတောင်း သပိတ် ပြုလုပ်ခဲ့သည်။

·       မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာထဲတွင် အာဏာသိမ်းစစ်အုပ်စုတပ်များ ဝင်ရောက်မွှေ နှောက်သွားသည့် အတွက် ရွာသူရွာသားတွေ အိမ်မပြန်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး

·       မြောင်းမြမြို့မှာ မီတာခမပေးဆောင်သည့် နေအိမ်များကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများက ဇူလိုင်လ ၁၃ရက်နေ့ နံနက်ပိုင်းက စတင်ပြီး မီးကြိုး လိုက်ဖြတ်နေကြောင်း ဒေသခံများကပြောသည်။

ပဲခူးတိုင်းဒေသကြီး

·       ပဲခူးတွင် ဇူလိုင်လ ၁၂ရက်နေ့ ညပိုင်းက လူငယ်များ ဦးဆောင်ပြုလုပ်သော အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး “ တပ်ကိုစော်ပြီး ကပ်ကို ကျော်မယ်” လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး

 ·       ထားဝယ်မြို့အရှေ့တော ကျောင်းသားပြည်သူများက ဇူလိုင် ၁၂ ရက်က စစ်အာဏာရှင်ဖြုတ်ချရေး ညသပိတ်ပြုလုပ် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့တွင်  မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီဝင် မသန်စွမ်း ကိုမျိုးမင်းဦး (ခ) အန်းကူ အပါအဝင် ၄ ဦးကို စစ်ကောင်စီလက်ပါးစေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တွေ့ဆုံဆွေးနွေးလိုသည်ဟု လိမ်လည်ခေါ်ဆောင်ပြီးဖမ်းဆီးထားကြောင်း သိရသည်။

·       ထားဝယ်မြို့ပေါ်တွင် သပိတ်စစ်ကြောင်းများကို အကြမ်းဖက် လူသတ် စစ်ကောင်စီ အုပ်စုများက ဖမ်းဆီး ပစ်ခတ်ဖြိုခွင်းမှုများရှိသော်လည်း ဇူလိုင်လ၁၃ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ပင်မ သပိတ်စစ်ကြောင်းနှင့် ကျောင်းသားသပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ပျောက်ကြား သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       မြိတ်မြို့အရှေ့ပိုင်းသာရမဲကျေးရွာမှ NLD ပါတီဒုဥက္ကဌနှင့် CDM ဆရာ၃ဦးကို အရပ်ဝတ်ဖြင့် အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၁၂ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါသည်။

·       ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများက ယနေ့ ဇူလိုင်လ ၁၃ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ အုပ်စုများ ဝင်ရောက် ရမ်းကားခဲ့သည့် လောင်းလုံးမြို့နယ် အောက်ရေဖြူ ကျေးရွာအတွက် "အားတင်ထားပါအောက်ရေဖြူ မင်းတို့နောက်မှာ ငါတို့ရှိတယ်" အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ တော်လှန်လူငယ်များသည် ဇူလိုင်လ ၁၃ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ကျေးရွာများအတွင်း လှည့်လည်ချီတက်ဆန္ဒပြကြသည်။

·       လောင်းလုံးမြို့နယ် အောက်ရေဖြူ ကျေးရွာတွင် ယနေ့ ဇူလိုင်လ၁၃ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ပျောက်ကြား သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၃ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စစ်အာဏာရှင် လက်မခံနိုင်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြကြသည်။

·       ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ် မင်းအောင်လှိုင်ပုံစတေကာကို မစင်နှင့်ပွတ်၍ လမ်းတွေပေါ်မှာ ချထားသည့် စတစ်ကာ Campaign ကို  ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။

·       ဖားကန့်မြို့၊ လုံးခင်းအုပ်စု ဒေသခံပြည်သူများမှ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းလှုပ်ရှားမှု ကို ယနေ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

·       လွိုင်ကော်မြို့နယ်၊ တီးလုံအုပ်စုနှင့်ထီးစဲခန်းအုပ်စုထဲက စစ်ရှောင်များအတွက်  မိုးကာနှင့် စားနပ်ရိက္ခာအကူအညီလိုအပ်နေကြောင်း ဒေသခံများကပြောသည်။

မွန်ပြည်နယ်

·       မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ လူငယ်များ စစ်အာဏာရှင်ဖြုတ်ချရေး အိမ်တွင်းသပိတ်ပြုလုပ်ဆန္ဒပြခဲ့ ကြသည်။

 ကရင်ပြည်နယ်

·       ကေအဲန်ယူ-သထုံခရိုင်၊ ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာအနီးတွင် ဇူလိုင်(၁၂) ရက် ည၈နာရီအချိန်၌အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်များနှင့် KNLAတပ်ရင်း-၁ လက်အောက် ခံတပ်များတစ်နာရီခန့်အ ပြန်အလှန်ပစ်ခတ်ခဲ့ ကြပြီးKNLAဖက်မှထိ ခိုက်ကျရှုံးမှုမရှိ ကြောင်းသိရသည်။

ရှမ်းပြည်နယ်

·       ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်၊ ရဲ၊ စရဖ၊ ဒလန်များနှင့် နီးကပ်စွာ နေထိုင်တာကို ရှောင်ကျဥ်ကြရန် လားရှိုး ပြည်သူ့လူခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က ဇူလိုင်လ ၁၂ရက်က ထုတ်ပြန်ထားသည်။

·       ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုကို ထွက်ပြေးတိမ်ရှောင် လာကြသည့် တိုက်ပွဲရှောင် ဒေသခံပြည်သူ (၇၀၀) ကျော် အတွက် လက်ရှိအစားအသောက်နှင့် မိုးကာများ လိုအပ်နေကြောင်းသိရသည်။

·       မကြာခင်ကာလအတွင်း တောင်ကြီးမြို့မှ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များနှင့် သတင်း ပေးများ၊ အပေါင်းအပါများနှင့် ဒလန်များကို ရှင်းလင်းတော့မည်ဖြစ်၍ ပြည်သူများ မှတ်တမ်းရ ယူခြင်းနှင့် အတူ ၎င်းတို့၏ အနီးတစ်ဝိုက်တွင် နေထိုင်ခြင်း မပြုလုပ်ရန် တောင်ကြီး ပြောက်ကျား တပ်ဖွဲ့(TGF)က ကြိုတင် သတင်းပေးချက်ထုတ်ပြန်ထားရှိသည်။

·       တောင်ကြီးမြို့တွင် ယမန်နေ့ ဇူလိုင် ၁၂ ရက်၊ ညပိုင်းက ကံသာရပ်ကွက်နယ်မြေ ၁၂ တွင် နေထိုင်သည့် ကိုလင်းအောင်ကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

နေပြည်တော်

·       အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေး စိတ်စေတနာ ကင်းမဲ့ပြီး ကိုဗစ် ၁၉ ရောဂါ တတိယလိုင်းကို နိုင်ငံရေးအရ အမြတ်ထုတ်ကာ ပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ငန်းများ အင်အား ချိနဲ့သွား အောင် လုပ်ဆောင်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ဝေဖန် ပြောကြားလိုက်ပါတယ်။

·       အကျဉ်းထောင်များထဲမှာ Covid-19 ရောဂါဖြစ်ပွား၊ကူးစက်၊ သေဆုံးမှုနှုန်းများ စိုးရိမ်ဖွယ်ရာကောင်း လောက်အောက် မြင့်တက်နေတာကို ခိုင်လုံတဲ့ သတင်းရင်းမြစ်များ မှတစ်ဆင့်သိရှိရတာဖြစ်ပြီး  အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားအဆင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင်မှ အကြမ်းဖက်စစ်ကောင်စီကို ပြင်းထန်စွာသတိပေးလိုက်ကြောင်း ဇူလိုင်လ ၁၃ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

·       မြန်မာနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်သည့် အန္တရာယ်အများဆုံးနိုင်ငံများတွင် ပါဝင်နေ ကြောင်း ယမန်နေ့ အမေရိကန်နိုင်ငံခြားရေးဌာနက  နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ရက်စက်မှု တားဆီးရေး အစီရင်ခံစာက ဖော်ပြလိုက်ပြီး အရေးယူမှုများ ဆက်လက်လုပ် ဆောင်သွား မည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ပြောဆိုသည်။

·       ကုလလူ့အခွင့်အရေးကောင်စီက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။

·       ဆေးရုံများက လက်ခံကုသပေးနိုင်ခြင်းမရှိ၍ ကိုယ်တိုင်အိမ်တွင် ကုသနေကြရသည့် COVID 19 လူနာများ အောက်ဆီဂျင်ပြတ်၍ သေဆုံးမှုများ နေ့စဉ်တိုးလာနေသော်လည်း အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌက အောက်ဆီဂျင်လုံလောက်စွာရှိနေသည်ဟု ယနေထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် လိမ်လည်ပြောဆိုထားသည်။

ဇူလိုင် ၁၃ သုံးသပ်ချက်

·       ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး စစ်အုပ်စု၏ ဆေးရုံများက ကိုဗစ်လူနာများကို လက်ခံကု သမပေး နိုင်သည့် အပြင် မိမိအစီအစဉ်ဖြင့် ကုသနေသူများ၏ အောက်စီဂျင်လို အပ်ချက်ကို လည်း တားဆီးပိတ်ပင်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ယမန်နေ့ညပိုင်းက အောက်စီဂျင်စောင့်ဆိုင်း ဖြည့်တင်း သူများကိုလည်း ပစ်ခတ်လူစုခွဲခဲ့သည်ကို တွေ့ရသည်။ ပျောက်ကြားသပိတ်များ ဆက်လက် ရှိသည်ကို တွေ့ရသည်။

·       မန္တလေးတွင် အစဉ်အလာမပျက် သပိတ်စစ်ကြောင်းများ ဆက်လက်ဆန္ဒပြမှုများရှိခဲ့သော်လည်း မနက်အစောပိုင်းက မြတောင်နှင့် မန္တလာ သပိတ် စစ်ကြောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပစ်ခတ်ဖြိုခွင်းဖမ်းဆီးတာကြောင့် ၇ ဦးဖမ်းဆီးခံရကာ တစ်ဦးမှာ သေနတ်ဒဏ်ရရာရှိခဲ့သည်။ယခုလို ပစ်ခတ်ဖြိုခွင်းနေသော်လည်း မန္တလေးဆန္ဒပြမှုများ အရှိန်အဟုန်လျော့ကျသွားခြင်းမရှိတာကိုလည်း တွေ့မြင်ရသည်။

·       စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှာတော့  ဆန္ဒပြမှုအရှိန်အဟုန် ဆက်လက် မြင့်တက်နေတာကိုတွေ့ရသည်။ကျန်တိုင်းနှင့် ပြည်နယ်များတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ဆက်ရှိနေဆဲ ဖြစ်ကာ ရှမ်းပြည်နယ်အခြေစိုက် PDF များက ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်သွားမည်ဟု ကြေညာထားသည်။

·       စစ်အုပ်စု၏ ကိုဗစ်ကုသရေး အစီအစဉ်သည် ညံဖျင်းလွန်းနေတာကို တွေ့ရပြီး မိမိအစီအစဉ်ဖြင့် ကုသနေ သည် လူနာများ၏ အောက်စီဂျင် လိုအပ်ချက်ကို တားဆီးပိတ်ပင်တာကိုလည်း တွေ့ရသည်။ စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က အောက်စီဂျင်လုံလောက်မှုရှိသည်ဟု ဝါဒဖြန့် ပြောဆိုနေသော် လည်း အောက်စီဂျင်မရ၍ သေဆုံးခဲ့ရသည် ကိုဗစ်လူနာများနေသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေရသည်။ နိုင်ငံတကာစာမျက်နှာများတွင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ် မှုများအတွက် ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly