နယ်စပ်ပြဿနာကြောင့် တရုတ်နှင့် ဆက်ဆံရေးကို အနှောက်အယှက်ဖြစ်စေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

နယ်စပ်ပြဿနာကြောင့် တရုတ်နှင့် ဆက်ဆံရေးကို အနှောက်အယှက်ဖြစ်စေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

အိန္ဒိယနှင့်တရုတ်တို့၏ အလွန်တည်ငြိမ်သော ဆက်ဆံရေး အခြေခံအုတ်မြစ်သည် ဂယ်ဝမ်ချိုင့်ဝှမ်း တိုက်ပွဲများကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းနှင့် အိမ်နီးချင်းအပြန်အလှန်ဆက်သွယ်မှုနှင့်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အရေးကြီးကြောင်းကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်းရှန်ကာက ဇူလိုင်လ ၈ရက်တွင် အလေးပေး ပြောကြားခဲ့သည်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လုံးလုံး တရုတ်နဲ့ အလွန်တည်ငြိမ်တဲ့ ဆက်ဆံရေး ကျွန်တော်တို့ ရှိခဲ့ပါတယ်။ ဆက်ဆံရေးမှာ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေ မရှိဘူးလို့ ကျွန်တော်မဆိုလိုပါဘူး အလွန်တည်ငြိမ်မှုရှိတယ်လို့ ပြောချင်တာပါ။ စီးပွားရေးအရ အားကောင်းတဲ့အချက်က တရုတ်က အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာတာပါပဲ " ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်းရှန်ကာက မော်စကိုမြို့ရှိ နိုင်ငံတကာ အင်စတီကျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ ၂၀၂၀ပြည့်နှစ်က နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး ရေးထိုးထားတဲ့ သဘောတူစာချုပ်ကို တရုတ်က မလိုက်နာတဲ့အတွက် ဆက်ဆံရေးနဲ့ ပတ်သက်၍ စိုးရိမ်မှုတွေရှိခဲ့ပါတယ်” ဟု ပြီးခဲ့သည့် နှစ်က လူအသေအပျောက်များခဲ့သည့် ဂယ်ဝမ်ချိုင့်ဝှမ်း တိုက်ပွဲများကို ရည်ညွှန်းပြီး သူက ပြောကြားခဲ့သည်။

“နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုက ဘယ်နိုင်ငံအတွက်မဆို အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ပါပဲ။ ဒါကြောင့် သဘာဝအရ အခြေခံအုတ်မြစ်က အနှောက်အယှက်ဖြစ်လာရင် ဆက်ဆံရေးလဲ ဒီအတိုင်းဖြစ်လာတာပါပဲ” ဟု နယ်စပ်ပြဿနာနှင့် စပ်လျဉ်း၍ သူက ဖြည့်စွက်ပြောကြားခဲ့သည်။

“အိန္ဒိယနဲ့ တရုတ်တို့ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုရှိတယ်လို့ မထင်ပါဘူး။ ၁၉၆၄ ခုနှစ်မှာ တရုတ်က နျူကလီးယားအင်အားကြီး နိုင်ငံဖြစ်လာတယ်။ အိန္ဒိယက ၁၉၈၈မှာ ဖြစ်လာတယ်။ တရုတ်ရဲ့ နျူကလီးယားဆင့်ကဲဖြစ်စဉ်တွေက ကျွန်တော်တို့ထက် ပိုမို အားကောင်းပါတယ် " ဟု အိန္ဒိယနှင့် တရုတ်တို့ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုရှိမရှိနှင့် ပတ်သက်သည့် မေးခွန်းကို ဂျိုင်းရှန်ကာက ဖြေကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅နှစ်အတွင်းမှာ အိန္ဒိယက ကမ္ဘာ့ ဆဌမမြောက်စီးပွားရေးအင်အားကြီးနိုင်ငံ၊ နျူကလီးယားအင်အားကြီးနိုင်ငံ၊ အိုင်တီဗဟိုချက်မ၊ ကမ္ဘာ့အရည်ချင်းရှိတဲ့လူတွေ စုပြုံလာတဲ့နေရာနဲ့ ကမ္ဘာ့အငြင်းပွားမှုတွေမှာ တက်ကြွတဲ့လှုပ်ရှားသူတစ်ဦးဖြစ်လာပါတယ်” ဟု ပြောင်းလဲနေသော ကမ္ဘာတွင် အိန္ဒိယ-ရုရှားဆက်ဆံရေးနှင့် ပတ်သက်ပြီး ဂျိုင်းရှန်ကာက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required