အာဖဂန်နစ္စတန်၏ အချိန်မရွေးပြောင်းလဲနိုင်ပြီး ယိုယွင်းဆိုးရွားလာနေသည့် လုံခြုံ‌ရေးအခြေအနေကို စောင့်ကြည့်နေဟု အိန္ဒိယ ပြော

By Yahoo /ANI
13 July 2021
အာဖဂန်နစ္စတန်၏ အချိန်မရွေးပြောင်းလဲနိုင်ပြီး ယိုယွင်းဆိုးရွားလာနေသည့် လုံခြုံ‌ရေးအခြေအနေကို စောင့်ကြည့်နေဟု အိန္ဒိယ ပြော

အမေရိကန်တပ်များ ထွက်ခွာပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုပိုင်း သိသာထင်ရှားစွာ မြင့်တက်မှု အခြေအနေတစ်ရပ်ကို တွေ့မြင်နေရပြီး တာလီဘန် သောင်းကျန်းသူများသည်လည်း ခရိုင်ဒေသများကို ထိန်းချုပ်ရရှိရန် တိုက်ခိုက်မှုအများအပြားကို လုပ်ဆောင်ထားခဲ့ကာ တစ်ချိန်တည်းမှာပင် တာလီဘန် သောင်းကျန်းမှုကို တန်ပြန်နှိမ်နင်းရန် အာဖဂန် အမျိုးသားစစ်တပ်ကွန်မန်ဒိုများကိုလည်း စေလွှတ်ထားရသည်။

အာဖဂန်အစိုးရတပ်များနှင့် တာလီဘန်တို့အကြား တိုက်ခိုက်မှုများအတွင်း လူပေါင်းထောင်နှင့်ချီတို့ ၎င်းတို့၏ နေအိမ်များကနေ စွန့်ခွာထွက်ပြေးနေကြရမှုများနှင့် နိုင်ငံကို စွန့်ခွာထွက်ပြေးနေကြမှုများ ရှိသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ထားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ အခြေအနေသည် ပုံသေမရှိဘဲ ပြောင်းလဲနိုင်သလို ပြောင်းလဲဖြစ်‌ပေါ်မှုများ ရှိနေကြောင်း၊ လက်ရှိအချိန်ထိ ကဘူးလ်မြို့ရှိ အိန္ဒိယ သံရုံး အပါအ၀င် ဟီရတ်မြို့ နှင့် မာဇာ-အီ-ရှာရစ် တို့ရှိ ကောင်စစ်၀န်ရုံးများကို ဆက်လက် လည်ပတ်နေလျက် ရှိကြောင်း အိန္ဒိယက ဇူလိုင် ၈ ရက်တွင် ပြောသည်။

အိန္ဒိယသည် လက်ရှိအချိန်အထိ အာဖဂန်နစ္စတန်ကနေ ယင်း၏ နိုင်ငံသားများကို လေကြောင်းဖြင့် ခေါ်ထုတ်ရန် လုပ်ဆောင်ခြင်း မရှိသေးဟု ကြားသိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ယိုယွင်း ဆိုးရွားလာနေသော လုံခြုံရေး အခြေအနေနှင့် ယင်းအခြေအနေကနေတဆင့် အိန္ဒိယနိုင်ငံသားများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးအပေါ် ဂယက်ရိုက်လာနိုင်မှုများအပေါ် အိန္ဒိယအနေဖြင့် သေချာ စောင့်ကြည့်လျက် ရှိကြောင်း အိန္ဒိယ ပြည်ပရေးရာ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ် ဘက်ဂ်ချီက အပတ်စဥ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ပြောသည်။

“ဒါက ပြောင်းလဲဖြစ်ပေါ်နေပြီး ပုံသေမရှိတဲ့ အခြေအနေတစ်ခုပါ၊ ဒီ မေးခွန်းတွေနဲ့ပတ်သက်လို့ ရှုထောင့်အမျိုးမျိုး ရှိပါတယ်၊ ယခုအပတ် အစောပိုင်းမှာ ကဘူးလ်မှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးကနေ

ထုတ်ပြန်ခဲ့တဲ့ ရှင်းလင်းချက်တစ်ခု ရှိတယ်လို့ ကျွန်တော် ပြောပါရစေ၊ ကဘူးလ်မှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးနဲ့ ကန်ဒါဟာ နဲ့ မာဇာ-အီ-ရှာရစ် တို့က ကောင်စစ်၀န်ရုံးတွေဟာ ဆက်လက်လည်ပတ်နေဆဲ ဆိုတာကို ဒီ ရှင်းလင်းချက်ထဲမှာ ဖော်ပြထားတယ်ဆိုတာကို ခင်ဗျားတို့လည်း တွေ့နိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ယိုယွင်း ဆိုးရွားလာနေတဲ့ လုံခြုံရေးအခြေအနေနဲ့ အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးအပေါ် ဂယက်ရိုက်လာနိုင်မှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ သေချာ ဂရုတစိုက် စောင့်ကြည့်နေပါတယ်” ဟု ၎င်း ဖြည့်စွက်ပြောသည်။

အခြေအနေ ပြောင်းလဲဖြစ်ပေါ်မှုအပေါ် မူတည်ပြီး အိန္ဒိယအနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများကို ချိန်ညှိလုပ်ဆောင်သွားမည်ဖြစ်သည်။

အိန္ဒိယပြည်ပရေးရာ၀န်ကြီးသည် ရုရှားသို့ သွားရောက်သည့် ခရီးစဥ်တစ်ခုအတွင်း အီရန်တွင် ခရီးတစ်ထောက်နား ဆင်းသက်ခဲ့ကာ အီရန်နိုင်ငံခြားရေး၀န်ကြီးနှင့် တွေ့ဆုံပြီး အာဖဂန်နစ္စတန်အရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းသည် ရုရှားခေါင်းဆောင်ပိုင်းနှင့်လည်း ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် ဆွေး‌နွေးသွားဖွယ် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly