ဗြိတိန်နည်းပညာကုမ္ပဏီကို တရုတ်ပိုင်ကုမ္ပဏီက ၀ယ်ယူမှုကိစ္စ ပြန်သုံးသပ်ရန် ဗြိတိန်၀န်ကြီးချုပ် ညွှန်ကြား

ဗြိတိန်နည်းပညာကုမ္ပဏီကို တရုတ်ပိုင်ကုမ္ပဏီက ၀ယ်ယူမှုကိစ္စ ပြန်သုံးသပ်ရန် ဗြိတိန်၀န်ကြီးချုပ် ညွှန်ကြား

ယူကေ၏ အကြီးဆုံးသော semiconductor (တစ်ပိုင်းလျှပ်ကူးပစ္စည်း) ထုတ်လုပ်သူကုမ္ပဏီကို တရုတ်ပိုင် ကုမ္ပဏီတစ်ခုက လွှဲပြောင်းဝယ်ယူမှုကိစ္စကို ၎င်း၏ အစိုးရအနေဖြင့် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်သည်။ ယင်းမတိုင်မီ တစ်ရက်က ဗြိတိန်အစိုးရက အဆိုပါကိစ္စတွင် ကြားဝင်စွက်ဖက်မည်မဟုတ်ဟု ပြောထားခဲ့သည်။

တရုတ်ပိုင်လုပ်ငန်း Nexperia က ယင်းအနေဖြင့် ဗြိတိန်၏ အကြီးဆုံးသော silicon chips (ဆီလီကွန် ချစ်(ပ်) ) ထုတ်လုပ်မှုလုပ်ငန်း Newport Wafer Fab ကို ၀ယ်ယူလိုက်ကြောင်း ဇူလိုင် ၅ ရက်က ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ဗြိတိန်၀န်ကြီးချုပ်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို ၀ယ်ယူမှုသဘောတူညီချက်သည် ဒေါ်လာ ၁၁၆ သန်း၀န်းကျင် တန်ကြေးရှိမည်ဟု ဆိုသော်လည်း ယင်းကို အတည်ပြုထားခြင်း မရှိဟု The Sidney Morning Herald (SMH) က ဖော်ပြသည်။

အလွန်အရေးပါသော အခြေခံအဆောက်အအုံ လုပ်ငန်းများကို ပြည်ပကုမ္ပဏီများမှ လွှဲပြောင်း၀ယ်ယူသည့် အန္တရာယ်ရှိနိုင်ခြေ မြင့်မားသော ကိစ္စရပ်များကို တားဆီးရန် ရည်ရွယ်သော ယူကေ၏ အမျိုးသားလုံခြုံရေး ဥပဒေသစ်အောက်တွင် ယခု သဘောတူညီချက်ကို ဆန်းစစ်သုံးသပ်ခဲ့ခြင်း မရှိဟု SMH က ဖော်ပြသည်။

Semiconductor လုပ်ငန်းသည် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါမှုကို ရရှိထားပြီး တရုတ်သည် အနာဂတ်စီးပွားရေးအတွက် အဓိကနည်းပညာအဖြစ် ရည်မှန်းထားသည်။ ဆီလီကွန် အခြေပြု ထုတ်ကုန်များသည် အားလုံးသော အီလက်ထရောနစ်ပစ္စည်းများအတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်နေခြင်းနှင့်အတူ ပေကျင်းသည် semiconductor များနှင့်ပတ်သက်ပြီး

ကမ္ဘာလုံးဆိုင်ရာ supply chain (ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်) ကို လက်၀ါးကြီးအုပ်ထားရန် ရည်မှန်းချက်များ ရှိသည်။

ရောင်းချမှုက “အင်မတန် ခက်ခဲသည့် စီးပွားရေးလုပ်ငန်းတစ်ခု” ဖြစ်ခဲ့ကြောင်း ဂျွန်ဆင်က ပြောခဲ့သလို တစ်ချိန်တည်းမှာပင် တရုတ် ဆန့်ကျင်ရေး သဘောထားနှင့်ပတ်သက်၍လည်း ၎င်းက သတိပေးခဲ့သည်။ “ဒီနိုင်ငံထဲကို ၀င်ရောက်တဲ့ တရုတ်ဆီက ရင်းနှီးမြှုပ်နှံမှု မှန်သမျှကို အဝေးကို ထွက်ခွာအောင်လုပ်စေဖို့ ဒီတရုတ်ဆန့်ကျင်ရေးသဘောထားက ကျွန်တော်တို့ကို နောက်ကနေ တွန်းအားပေး စေ့ဆော်တာမျိုးကိုတော့ ကျွန်တော် မဖြစ်စေချင်ပါဘူး” ဟု ဂျွန်ဆင်က ပြောသည်။ “အဲဒါမျိုးကတော့ စီးပွားရေးအရ မိုက်ရူးရဲဆန်တာပဲဖြစ်ပါလိမ့်မယ်”

Newport Wafer Fab က ထုတ်လုပ်နေသည့် ထုတ်ကုန်သည် အမှန်တကယ် ဥာဏပစ္စည်းမူပိုင်ခွင့် တန်ဖိုး ဖြစ်နေသလား၊ တရုတ်အတွက် အကျိုးများစေမည်လားနှင့် အမှန်တကယ် လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုများ ရှိနေမည်လား ဆိုသည်နှင့်ပတ်သက်ပြီး အစိုးရဘက်က ချင့်ချိန်အကဲဖြတ်ရလိမ့်မည်ဖြစ်ကြောင်း ယူကေ နိုင်ငံခြားရေးရာ အထူးကော်မတီ၏ ဥက္ကဋ္ဌ တွမ် တူဂျန်ဒ်ဟက်က ပြောသွားခဲ့သည်။

“တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေဟာ ဒီနိုင်ငံအတွက် အင်မတန် အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော် ခုချိန်မှာ မဆိုင်းမတွ သိချင်တဲ့ ကိစ္စတွေအနက် တစ်ခုကတော့ ကျွန်တော်တို့ဟာ ပိုမိုပြီး ကိုယ့်အားကိုယ်ကိုးနိုင်မှာလား ဆိုတာပဲဖြစ်ပါတယ်၊ ဘာလုပ်သွားရမလဲ ဆိုတာကို ကျွန်တော်တို့ တွေးနေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required