မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုကိုသာ မြင်တွေ့လိုဟု ထိုင်း ပြော

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုကိုသာ မြင်တွေ့လိုဟု ထိုင်း ပြော

ဇူလိုင် ၁၃

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုရှိခြင်းကို မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံက အခိုင်အမာ ပြောဆိုလိုက်ပြီး လက်ရှိ အကျပ်အတည်း အဆုံးသတ်စေရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် အထူးသဖြင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုစင်တာ (AHA Center) အပါအ၀င် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲလုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

မြန်မာနိုင်ငံ အခြေအနေအပေါ် ထိုင်းနိုင်ငံ၏ အမြင်သဘောထားနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် တန်နီး ဆန်ဂရက်က ယမန်နေ့က မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံတ၀န်း ဒေသအများအပြားတွင် အကြမ်းဖက်မှု ဖြစ်ပေါ်နေမှုအပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် ယင်းသည် လူသားချင်းစာနာမှုအကျပ်အတည်းတစ်ခုဖြစ်ကြောင်း တန်နီး ဆန်ဂရက်က ပြောကြားခဲ့သည်။

“အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုင်းဘက်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု ၊တည်ငြိမ်မှု၊ ပြည်သူတွေ ကောင်းကျိုးသုခရဖို့ကို မြင်တွေ့ချင်ပါတယ်” ဟု မစ္စတာ တန်နီးက ပြောသည်။ “ထိုင်းအနေဖြင့် စိတ်အေးချမ်းစွာ နေနိုင်သည့် အကွာအဝေးတွင် ရှိမနေကြောင်းနှင့် မြန်မာနှင့်အကြား ကုန်းမြေနယ်စပ်ချင်း ကီလိုမီတာ ၂,၄၀၀ ကျော် ထိစပ်နေမှု အခြေအနေကို ထည့်သွင်းစဉ်းစားရမည်” ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“ဒါကြောင့်မို့လည်း ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ပတ်သက်လို့ မိမိဘာသာ အားရကျေနပ်နေနိုင်စရာ မရှိတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆွေးနွေးညှိနှိုင်းမှုများအတွက် ထောက်ကူပေးနိုင်သော ၀န်းကျင်တစ်ခု ကူညီဖန်တီးနိုင်ရန် အာဆီယံက အရေးကြီးသော အခန်းကဏ္ဍကနေ ပါ၀င်နိုင်မည်ဟု ထိုင်းအနေဖြင့် ယုံကြည်ကြောင်း ၎င်းက ပြောသည်။ ယင်းအတွက်ကြောင့် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် အမြန်ဆုံးခန့်အပ်ရန်နှင့် မြန်မာနိုင်ငံတွင်းရှိ သက်ဆိုင်သူများနှင့်အကြား ဆွေး‌နွေးမှုများ စတင်နိုင်ရန်ကို ထိုင်းဘက်က မြင်ချင်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

“မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူတွေအကြား ဆွေး‌နွေးညှိနှိုင်းမှု မရှိဘဲနဲ့တော့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအပါအ၀င် ရှိရင်းစွဲ စီးပွားရေးနဲ့ လူသားချင်းစာနာမှု ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းမှုက ထိရောက်မှု ရှိမှာမဟုတ်ပါဘူး” ဟု မစ္စတာ တန်နီးက ပြောခဲ့သည်။

ထို့ပြင် အများပြည်သူကျန်းမာရေး နယ်ပယ်ဧရိယာ အပါအ၀င် အကူအညီလိုအပ်နေသည့် မြန်မာပြည်သူ အများအပြားကို ကူညီနိုင်ရန် AHA Center က တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် စတင်လည်ပတ်လုပ်ကိုင်နိုင်ရေးကို ထိုင်းဘက်က ဆန္ဒရှိကြောင်း ၎င်းက ပြောသွားခဲ့သည်။

မြန်မာတွင် ဖေဖေါ်၀ါရီလက ရွေးကောက်ခံ အစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဖရိုဖရဲ အခြေအနေအောက် ရောက်ရှိနေသည်။ ထို့ပြင် ဒီမိုကရေစီ လိုလားသော အရပ်သား ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက အာဏာသိမ်းစစ်တပ်နှင့်အကြား တိုက်ခိုက်မှုများ ရှိနေခြင်းနှင့်အတူ နိုင်ငံသည် ပြည်တွင်းစစ်တစ်ခုအောက် ကျရောက်တော့မည့်ဆဲဆဲ ရှိနေသည်။

သတင်းများအရ အာဏာသိမ်းစစ်တပ်သည် ထိုင်းနယ်စပ်အနီး အပါအ၀င် တိုင်းရင်းသားဧရိယာများကို တိုးမြှင့်တိုက်ခိုက်မှုများ လုပ်ထားခဲ့ရာ ဒုက္ခသည်များ အလုံးအရင်းဖြင့် ၀င်လာမှု အခြေအနေတစ်ရပ်အ‌ပေါ် ထိုင်းဘက်က စိုးရိမ်ပူပန်နေသည်။

အစောပိုင်းက မြန်မာထံ လက်နက်စီး၀င်မှုများ တားဆီးပိတ်ပင်ရေး ကုလဆုံးဖြတ်ချက်တစ်ခု မဲခွဲမှုတစ်ခုအတွင်း မဲမပေးဘဲ ကြားနေခဲ့သည့်အတွက် ထိုင်းအပေါ် ဝေဖန်ပြစ်တင်မှုများ ရှိခဲ့သည်။ ထို့ပြင် နယ်စပ်ရှိ ဒုက္ခသည်များကို အကူအညီပေးပို့ရန် တက်ကြွလှုပ်ရှားသူများကို ခွင့်မပြုခြင်းနှင့် အာဏာသိမ်းမြန်မာစစ်တပ်ကို လျှို့ဝှက်ကူညီပြီး လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုဆိုးစေခဲ့ခြင်းတို့အတွက် လူသားချင်းစာနာထောက်ထားမှု လုပ်သားများက ထိုင်းအစိုးရအပေါ် ဝေဖန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly