အီရတ်က ဆေးရုံမှာ ကိုဗစ်သီးခြားဆောင် မီးအကြီးအကျယ်လောင်၍ လူ ၅၂ ဦး သေဆုံး 

အီရတ်က ဆေးရုံမှာ ကိုဗစ်သီးခြားဆောင် မီးအကြီးအကျယ်လောင်၍ လူ ၅၂ ဦး သေဆုံး 
Photo - AFP

ဇူလိုင် ၁၃

အီရတ်နိုင်ငံက ဆေးရုံတစ်ရုံမှာ တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ် သီးခြားဆောင်မှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ရာမှာ လူအနည်းဆုံး ၅၂ ဦး သေဆုံးပြီး ၂၂ ထိခိုက်ဒဏ်ရာရတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

တောင်ပိုင်း နာဆီရီယက်ရှ်မြို့က အယ်လ်ဟူစိန်ဆေးရုံမှာ တနင်္လာနေ့နှောင်းပိုင်းက မီးလောင်တာ ဖြစ်ပြီး ဒေသ အရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့တွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။ 

“မီးလောင်ရတဲ့ အဓိက အကြောင်းက အောက်ဆီဂျင်ဘူးတွေ ပေါက်ကွဲတာကြောင့်ပါ”လို့ ကျန်းမာရေးဌာန သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ကိုဗစ်သီးခြားဆောင် တစ်ခုလုံး မီးလောင်ခဲ့အပြီးမှာ အင်္ဂါနေ့ အစောပိုင်းအထိ ရုပ်အလောင်း ၅၂ လောင်းကို ရရှိပြီး ဒဏ်ရာရသူ ၂၂ ဦး ရှိတယ်လို့ ဌာနေကျန်းမာရေးအာဏာပိုင်အဖွဲ့ ပြောခွင့်ရသူ ဟေဒါအယ်လ်ဇာမီလီက ပြောပါတယ်။ 

“သေဆုံးသူတွေဟာ မီးလောင်ကျွမ်းလို့ သေဆုံးကြတာပါ၊ ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ သူက ဖြည့်စွက်ပြောပြီး အဆောက်အအုံထဲ ပိတ်မိနေသူတွေ ရှိနေနိုင်တာကို ပူပန်နေရတယ်လို့ မှတ်ချက်ပြုပြောဆိုပါတယ်။ 

အခု သီးခြားဆောင်ဟာ ကုတင် ၇၀ ဆံ့ ကိုဗစ်သီးခြားဆောင်ပဲ ဖြစ်ပါတယ်။ 

ဆေးရုံအပြင်ဖက်မှာတော့ လူငယ် ဒါဇင်များစွာဟာ ဆန္ဒပြကန့်ကွက်ကြပါတယ်။ 

“နိုင်ငံရေးပါတီတွေက ကျုပ်တို့ကို မီးလောင်တိုက်သွင်းနေတာပဲ”လို့ ဆန္ဒပြလူငယ်တွေက တစ်ပြိုင်နက်တည်း အော်ဟစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု မီးလောင်မှုကြောင့် လူမှုမီဒီယာမှာ ဒေါသတကြီးနဲ့ ထိပ်တန်းတာဝန်ရှိသူတွေ နုတ်ထွက်ကြဖို့လည်း တောင်းဆိုကြပါတယ်။ 

နာဆီရီယက်ရှ်မြို့တော် တည်ရှိတဲ့ အုပ်ချုပ်ရေးပြည်နယ် ဒီကာကို ဌာနေအာဏာပိုင်တွေက အရေးပေါ်အခြေအနေ ချမှတ်ပြီး ခွင့်ယူထားကြတဲ့ ဆရာဝန်တွေပါ ဒဏ်ရာရသူတွေကို ကုသဖို့ လာရောက်အကူအညီပေးရန် အမိန့်ထုတ်ထားပါတယ်။ 

မီးလောင်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဒီမီဟာ ဝန်ကြီးတွေ၊ လုံခြုံရေးအကြီးအကဲတွေနဲ့ အရေးပေါ်စည်းဝေးခဲ့ကြောင်း ၎င်းရဲ့ ရုံးက တွစ်တာမှာ အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။ 

ဒီကာပြည်နယ် ကျန်းမာရေးအကြီးအကဲနဲ့ ဆေးရုံအုပ်တို့ကို ဖမ်းဆီးထားပြီး ရဲက စစ်ဆေးမေးမြန်းနေတယ်လို့ ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။ 

ဖြစ်ပွားရာဆီကို အရေးပေါ်ကျန်းမာရေးအကူအညီတွေ ဝန်ကြီးချုပ်က ပေးပို့ခဲ့ပါတယ်။ 

“အယ်လ်ဟူစိန် ဆေးရုံရဲ့ ဘေးဒုက္ခဟာ အီရတ်ပြည်သူတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တာရဲ့ ရှင်းလင်းတဲ့ သက်သေပါ၊ အခုချိန်ဟာ ဒါမျိုးတွေကို  အဆုံးသတ်နိုင်ရတော့မယ့် အချိန်ပါပဲ”လို့ အီရတ်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမတ်အယ်လ်ဟယ်ဘူဆီက ပြောပါတယ်။ 

ဆေးရုံပင်မဆောင် ဘေးက ယာယီအဆောက်အအုံတစ်ခုလုံး မီးလောင်ခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေ့ဘုတ်မှာ ရေးသားပေမယ့် မီးလောင်ရတဲ့အကြောင်း အတိအကျ မဖော်ပြပါတယ်။ 

အွန်လိုင်းမှာ ပြန့်နှံ့တဲ့ ဗီဒီယိုတွေမှာ အယ်လ်ဟူစိန်ဆေးရုံကနေ မီးခိုးလုံးမည်းတွေ လွင့်တက်နေတာကို မြင်တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဘဂ္ဂဒက်မြို့တော်က ကိုဗစ်-၁၉ ဆေးရုံမှာ ညံ့ဖျင်းစွာ သိုလှောင်ထားရှိထားတဲ့ အောက်ဆီဂျင်ဘူးတွေ ပေါက်ကွဲရာကနေ မီးကြီးလောင်တာကြောင့် လူ ၈၂ ဦး သေဆုံးပြီး ၁၁၀ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly