ရန်ကုန် မြန်မာ့အသံရုံး ဝန်ထမ်း ၃၀ လောက် ကိုဗစ်ပိုး ထပ်မံကူးစက်ခံထားရပြီး ၁ ဦး သေဆုံးသွား

ရန်ကုန် မြန်မာ့အသံရုံး ဝန်ထမ်း ၃၀ လောက် ကိုဗစ်ပိုး ထပ်မံကူးစက်ခံထားရပြီး ၁ ဦး သေဆုံးသွား

ဇူလိုင် ၁၂

ရန်ကုန်ရုံး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ရုံးဝန်ထမ်း ၃၀ နီးပါးမှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း ထပ်မံတွေ့ရှိထားပြီး ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ ဝန်ထမ်းတစ်ဦး ဒီကနေ့ (ဇူလိုင်လ ၁၂) ညနေပိုင်းမှာ သေဆုံးသွားတယ်လို့ MRTV ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ဝန်ထမ်း ၁၁ ဦး ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် ထိတွေ့ဆက်စပ်သူ မိသားစူဝင်တွေနဲ့ ဖျားနာနေသူ စုစုပေါင်း လူတစ်ရာလောက်ကို ကိုဗစ် ၁၉ ပိုး ရှိမရှိ ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ စစ်ဆေးကြည့်တဲ့အထဲ လူ ၃၀ လောက်မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“ရုံးကဝန်ထမ်းရယ်၊ သူ့မိဘ သားသမီးတွေပေါ့၊ နီးစပ်သူ တစ်ရာလောက်ကို ဒီကနေ့ စစ်တာ။ တစ်ရာလောက်မှာ ၃၀ လောက် ပိုးတွေ့တယ်” လို့ MRTV ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောပါတယ်။

ကိုဗစ်ပိုး ကူးစက်ခံရပြီး သေဆုံးသွားသူဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ရဲ့ ရုပ်မြင်ဌာန ဦးစီးအရာရှိ ဦးကျော်လွင်ဖြစ်ပြီး ဒီနေ့ (ဇူလိုင်လ ၁၂ ) ရက်နေ့ ညနေ ၆ နာရီလောက်မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။ 

အခုသေဆုံးသွားတဲ့ MRTV ရဲ့ ရုပ်မြင်ဌာန ဦးစီးအရာရှိ ဦးကျော်လွင်ဟာ အသက် ၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ပထမအသုတ်အနေနဲ့ စစ်တဲ့အထဲ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သူ ဖြစ်ပါတယ်။ 

“သူက အစကတည်းက အောက်ဆီဂျင် ကျနေတာ။ ကျနေတော့ ရန်ကုန်ဆေးရုံကြီးက လက်မခံပါ။ လက်မခံတော့ လှိုင်သာယာ ဆေးရုံရောက်သွားတော့ လှိုင်သာယာ ဆေးရုံမှာ သေဆုံးသွားတာတဲ့” လို့ အဲဒီ ရုံးဝန်ထမ်းက မဇ္ဈိမကို ပြောပါတယ်။

ဒီကနေ့မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိထားတဲ့ MRTV ရုံးဝန်ထမ်း ၃၀ လောက်ကို ရုံးတွင်းက အဆောင်လွတ် တစ်ခုမှာထား ထားပြီး ကိုဗစ် ၁၉ ကုသရေးစင်တာတစ်ခုကို မနက်ဖြန် မနက်ပိုင်းမှာ  ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly