ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဘန်ကောက်မှာ ညမထွက်ရ ကာဖျူးအမိန့် စတင်အသက်ဝင် 

ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဘန်ကောက်မှာ ညမထွက်ရ ကာဖျူးအမိန့် စတင်အသက်ဝင် 
Photo - AFP

AFP 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတာကို ထိန်းချုပ်နိုင်ငံဖို့အတွက် ထိုင်းနိုင်ငံဟာ မြို့တော် ဘန်ကောက်နဲ့ ပြည်နယ် ကိုးပြည်နယ်မှာ ညပိုင်း ခုနစ်နာရီတာ အပြင်မထွက်ရ ကာဖျူးအမိန့်ကို စတင်ပြီဖြစ်တာမို့ ရဲတွေဟာ ဘန်ကောက်က စစ်ဆေးရေးဂိတ်တွေမှာ စောင့်ကြပ်တာဝန်ယူကြပြီ ဖြစ်ပါတယ်။ 

တနင်္လာနေ့မှာ စတင်အသက်ဝင်တဲ့ ဒီ ကာဖျူးအမိန့်အရ ည ၉ နာရီကနေ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့် မရှိကြောင်း အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းစဉ်အဖွဲ့က သောကြာနေ့မှာ နာရီအတော်ကြာတဲ့ အစည်းအဝေးအပြီး ကြေညာခဲ့တာပါ။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း အရှိန်ပြင်းထန်နေပြီး စနေနေ့မှာ ကူးစက်ဖြစ်ပွားသူသစ် ၉၅၃၉ ဦးရှိကာ သေဆုံးသူ ၈၆ ဦး ရှိခဲ့ပါတယ်။ 

အခု ကာဖျူးမိန့်အပြင် ကန့်သတ်စည်းမျဉ်းသစ်တွေပါကို လူဦးရေ ဆယ်သန်းကျော် ရှိရာ ဘန်ကောက်မြို့တော်နဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ချမှတ်ပြဋ္ဌာန်းလာခဲ့တာ ဖြစ်ပါတယ်။ 

“ကန့်သတ်ချက်တွေ တင်းကြပ်လွန်းတဲ့ ဧရိယာတွေမှာ နေကြရတဲ့ ပြည်သူတွေကို အခက်အခဲတွေအတွက် ကျွန်မတို့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒီလို လုပ်ဆောင်မှပဲ ရောဂါထိန်းချုပ်ရေးမှာ ထိထိရောက်ရောက် အထောက်အအကူ ဖြစ်မှာပါ၊ ထိုင်းနိုင်ငံဟာ အောင်ပွဲခံရပါမယ်”လို့ ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းစဉ်အဖွဲ့ လက်ထောက် ပြောခွင့်ရသူ အပီဆာမိုင်က ပြောပါတယ်။ 

“မလိုအပ်ဘဲ ခရီးသွားလာမှုတွေကိုလည်း တားမြစ်ကန့်သတ်သွားမယ်”လို့ သူက ဆိုပါတယ်။ 

ဒေသခံတွေအနေနဲ့ လူငါးဦးထက် ပိုမစုရမှာ ဖြစ်သလို အများပြည်သူ သယ်ယူပို့ဆောင်ရေး ကွန်ရက်ကိုလည်း ၉ နာရီထိုးတာနဲ့ ပိတ်ပြီ ဖြစ်ပါတယ်။ 

ရှော့ပင်းမောလ်တွေအတွင်းက စူပါမားကက်တွေ၊ စားသောက်ဆိုင်တွေ၊ ဘဏ်တွေ၊ ဆေးပေးခန်းတွေနဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေတော့ ဆက်လက်ဖွင့်ခွင့်ပြုထားပြီး အခြားဆိုင်တွေတော့ ပိတ်ရမှာ ဖြစ်ပါတယ်။ 

ပြည်နယ်တွင်း ခရီးသွားလာမှု လျော့ကျရေး အစိုးရရဲ့ ကြိုးပမ်းနေမှုမှာ ပါဝင်ခြင်းအဖြစ် ဇူလိုင်တစ်လလုံး ပြည်တွင်းလေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းထားပြီလို့ Air Asia လေကြောင်းလိုင်းကလည်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းက အစိုးရဟာ တစ်နိုင်ငံလုံး ကာဖျူးမိန့် ထုတ်ခဲ့ပေမယ့် လူအစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမျိုး မရှိခဲ့တာကြောင့် ၂၀၂၀ ရဲ့ အချိန်တော်တော်များများကို ကျော်လွန်ဖြတ်သန်းနိုင်ခဲ့တာပါ။ 

ဒါပေမဲ့ ဒီနှစ်အတွင်းမှာ ကူးစက်နှုန်းဟာ မြင့်တက်လာနေပြီး အစိုးရအနေနဲ့လည်း နှေးကွေးတဲ့ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်တွေနဲ့ အကန့်အသတ်ရှိနေတဲ့ စမ်းသပ်စစ်ဆေးနိုင်မှုတွေအပြင် စီးပွားရေး စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်ခံနေရပါတယ်။ 

နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ၁၉၉၇ အာရှစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly