စစ်ကောင်စီတပ်က ရှာဖွေဝရမ်းမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ပေါ်ပေါက် 

By ဝေဟင်စိုး
12 July 2021
စစ်ကောင်စီတပ်က ရှာဖွေဝရမ်းမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ပေါ်ပေါက် 

ဇူလိုင် ၁၂

စစ်ကောင်စီတပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် ဥပဒေအရ အဓိကအရေးပါသည့် ရှာဖွေဝရမ်းမပါလာခဲ့ကြောင်း ယနေ့တရားခွင်အတွင်း စစ်ဆေးမေးမြန်းမှုများကတဆင့်ပေါ်ပေါက်ခဲ့သည်။ 

ဇဗ္ဗူသီရိ မြို့နယ် အထူးသီးသန့်တရားရုံးယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသော ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အမှု အတွက် စစ်ဆေးရာ နေအိမ်သို့ ဝင်ရောက်ရှာဖွေစဉ်က ဦးဆောင်ပါဝင်ခဲ့သူ ဗိုလ်မှူး ဝင်းထွဋ်ဦးအား ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းစဉ် ရှာဖွေဝရမ်းမပါခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်သူ ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် အပြောအရ သိရသည်။

ပို့ကုန်သွင်းကုန်ပုဒ်မ ၈ အမှု အတွက် ဗိုလ်မှူး ဝင်းထွဋ်ဦးအပါအဝင် သက်သေသုံးယောက်ကို စစ်ဆေးမေးမြန်ခဲ့သည်။ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုအတွက်  အထက်ပါသက်သေများကိုပင် ဆက်လက်စစ်ဆေးခဲ့သည်။
ယနေ့ ရုံးချိန်းတွင် အမှုလိုက်ရှေ့နေအဖွဲ့လေးဦးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ နှင့် နာရီဝက်ကြာ တွေ့ဆုံစကားပြောခွင့် ရခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 တတိယလှိုင်းနှင့် ပတ်သက်၍ ပြည်သူအပေါ် စိုးရိမ်သောကရောက်နေရကြောင်းနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း တစ်ဟုန်ထိုးမြင့်တက်လာ  နေသည့် ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူတွေအတွက် စိုးရိမ်ပူပန်နေသလို  ရောဂါကင်းဝေးပြီး ကျန်းမာကြစေရန် ဆုတောင်းမေတ္တာပို့သပေးနေကြောင်း ရှေ့နေအဖွဲ့က တဆင့် မှာကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် သီးခြားစီ တရားစွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုအတွက်တရားလို သက်သေနှစ်ဦးခေါ်ယူခဲ့သော်လည်း ရုံးချိန်းတွင် တစ်ဦးသာရောက်ရှိလာပြီး ကျန်တစ်ဦးမှာ ရောက်မလာခဲ့ချေ။ ကိုဗစ်-၁၉ ကူးစက်မှုခံနေရ၍ သက်သေတစ်ဦး ရောက်မလာခဲ့ကြောင်း တရားရုံးကိုတင်ပြသည်။

ယင်းအမှုများနှင့် ပတ်သက်၍ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ပုံမှန် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ် သော်လည်း လာမည့် တနလာင်္နေ့ ချိန်းသည် ဇူလိုင်၁၉ ရက် (အာဇာနည်နေ့) နှင့် တိုက်ဆိုင်နေသောကြောင့် ဇူလိုင်၂၀ ရက် (အင်္ဂါနေ့) သို့ ပြန်လည်ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly