ဖားကန့်မြို့၊ ယူမာရပ်ကွက်ဗုံးကွဲမှုဘယ်လိုဖြစ်ခဲ့လဲ

ဖားကန့်မြို့၊ ယူမာရပ်ကွက်ဗုံးကွဲမှုဘယ်လိုဖြစ်ခဲ့လဲ

ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အထွက်၊ ယူမာရပ်ကွက် စာသင်ကျောင်းရှေ့တွင် ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲမှု ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။  

 မနက် ၉ နာရီဝန်းကျင်အချိန်တွင် ယူမာရပ်ကွက် မူလွန်စာသင်ကျောင်းရှေ့၊ စစ်ကောင်စီလက်အောက်ခံရဲ များ မနက်လာ ညနေပြန်အဖြစ် ပုံမှန်ကင်းစောင့်လေ့ရှိသည့် နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

“ဗုံးနှစ်လုံးက ဆက်တိုက်ပဲပေါက်သွားကြတာ၊ မြေတောင်တုန်တယ်၊ စာသင်ကျောင်းအဝင် မုဒ်ဝ ဘယ်ဘက်ခြမ်း လေးပေအကွာလောက်နားလေးမှာပေါက်သွားတာ၊ အဲ့နေရာမှာက  ၁၀ ယောက်လောက်အမြဲတမ်းကင်းစောင့်ရအောင်လာတယ်၊ နေ့တိုင်းလိုပဲ၊ မနက်ကိုးနာရီဆိုသူတို့ရောက်လာကြပြီ၊ ညနေ ၄ နာရီဆိုပြန်ကြတယ်၊ ဒီနေ့တော့ သူတို့ နောက်ကျနေတာ၊ မဟုတ်ရင်ဒီကောင်တွေမလွယ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးမိနစ်ခန့်အကြာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကားအကြီး သုံးစီး၊ ရဲကား လေးစီးဖြင့်ရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်နေခဲ့သည်။ 

ကင်းစောင့်ရဲများကို ချိန်ရွယ်ထားဟန်ရှိသည့် ပေါက်ကွဲမှုသတင်းများ ပြန့်နှံ့နေပြီး ရဲသားများစီးနင်းလာသည့် Faw အမျိုးအစား ထရပ်ကားပေါက်ကွဲပြီး ရဲ ၁၀ ဦးခန့်သေဆုံးသည်ဟု သတင်းများပြန့်နှံ့နေခဲ့သည်။

မဇ္ဈိမက ယူမာရပ်ကွက်နေသူသုံးဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ပေါက်ကွဲမှုက ရဲများမရောက်ခင်ဖြစ်ပွားခဲ့ပြီး ကပ်လွတ်သွားခဲ့သည်ဟု အတည်ပြုပြောဆိုသည်။

  “ သူတို့သီသီလေးလွှတ်သွားတာ၊ ပေါက်တဲ့နေရာက စာသင်ကျောင်းမုဒ်ဝရဲ့ ဘယ်ဘက် ၊ သုံးနှစ်သစ်သားတွေနဲ့ ကာထားတဲ့ ဝန်းနံရံနဲ့ သုံးပေအကွာလောက်မှာပေါက်သွားတာ၊ ဝန်းနံရံတော့နည်းနည်းပျက်စီးသွားတယ်၊ သူတို့စီးလာကြတဲ့ဖောကားကလဲ ဒီတိုင်းပါပဲ အဲ့နားမှာရပ်ထားတယ်” ဟုဖြစ်စဉ်အပြီး အခြေအနေကို ရပ်ကွက်တွင်နေထိုင်သူက သွားရောက်ကြည့်ရှုသူကပြောသည်။ 

အခြားတစ်ယောက်ကလည်း “ လူနာတင်ယဉ်တို့ဘာတို့မလာဘူး၊ ပြီးတော့ကျွန်မတို့သွားချောင်းကြည့်တော့လဲ ထိခိုက်တာမျိုးတော့မတွေ့ဘူး” ဟု ပြောသည်။ 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ယူမာရပ်ကွက် စာသင်ကျောင်းများ စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်သည့်အချိန်မှစကာ ရဲသားများ ကင်းစောင့်ခဲ့ကြသော်လည်း ကျောင်းတက်သူမရှိဟု သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့ပေါ်တွင် မကြာခနဆိုသလို ပေါက်ကွဲမှုများဖြစ်ပေါ်လေ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly