တာလီဘန်ထိုးစစ်တွေကို တန်ပြန်ဖို့ ကဘူးလ်လေဆိပ်မှာ ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင် 

တာလီဘန်ထိုးစစ်တွေကို တန်ပြန်ဖို့ ကဘူးလ်လေဆိပ်မှာ ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင် 
Photo - AFP

ဇူလိုင် ၁၂

အာဖဂန်နစ္စတန်နိုင်ငံတစ်လွှားမှာ တာလီဘန်တွေက ထိုးစစ်တွေ ပြင်းပြင်းထန်ထန် ဆင်နွှဲနေတာကြောင့် တိုက်ခိုက်ပစ်လွှတ်လာမယ့် ဒုံးကျည်တွေကို တန်ပြန်ဖို့အတွက် ကဘူးလ်လေဆိပ်မှာ ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ထားပြီဖြစ်ကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

နိုင်ငံရဲ့ ၈၅ ရာခိုင်နှုန်းကို လက်ရှိမှာ ထိန်းချုပ်ထားနိုင်ပြီလို့ တာလီဘန်တွေက ပြောဆိုထားချိန်မှာပဲ အမေရိကန်နဲ့ မဟာမိတ်တွေဟာ အာဖဂန်က စစ်ရေးမစ်ရှင်တွေကို နောက်လကုန်မှာ အဆုံးသတ်ဖို့ ရှိနေပါတယ်။ တာလီဘန်တွေရဲ့ နယ်မြေ ၈၅ ရာခိုင်နှုန်း ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်ကို လွတ်လပ်စွာ မှန်ကန်ကြောင်း အတည်မပြုနိုင်သလို အာဖဂန်အစိုးရကလည်း ပယ်ချထားပါတယ်။ 

အစ္စလာမ် အခြေခံတဲ့ တာလီဘန်အုပ်စုဟာ မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း ရုတ်ခြည်း နယ်မြေသိမ်းပိုက်လာမှုတွေကြောင့် မြို့တော်ကဘူးလ်နဲ့ လေဆိပ်လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာရပါတယ်။ နေတိုးအဖွဲ့အနေနဲ့တော့ နိုင်ငံခြားသံတမန်တွေနဲ့ အကူအညီပေးရေးအလုပ်သမားတွေအတွက် ပြင်ပကမ္ဘာကို ထွက်ခွာနိုင်ဖို့ အရေးပါတဲ့ လမ်းကြောင်း လုံခြုံစိတ်ချရရေး ကြိုးစားနေရပါတယ်။ 

“အခု အသစ်တပ်ဆင်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ တနင်္ဂနွေနေ့ နံနက် ၂ နာရီကစလို့ စတင်အသက်ဝင်ဆောင်ရွက်ပြီ ဖြစ်ပါတယ်”လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ “ဒီစနစ်ဟာ ဒုံးကျည်လောင်ချာတိုက်ခိုက်မှုတွေကို တန်ပြန်ဖျက်ဆီးရာမှာ ကမ္ဘာ့မှာ အသုံးဝင်ကြောင်း ကောင်းကောင်းသက်သေပြထားနိုင်တဲ့ စနစ်ပါ” ဆိုပြီး အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

လေဆိပ်မှာ အဲဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တပ်ဆင်ထားပြီးကြောင်းကို ပြည်ထဲရေးဝန်ကြီး ပြောခွင့်ရသူ တာရစ်အာရီယန်က အေအက်ဖ်ပီကို ပြောပေမယ့် စနစ်ဟာ ဘယ်လို အမျိုးအစားနဲ့ ဘယ်သူတွေ လာရောက်တပ်ဆင်ပေးသလဲဆိုတဲ့ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေက မပြောပါ။ 

ဒါပေမဲ့ အာဖဂန် လုံခြုံရေးတပ် ပြောခွင့်ရသူ အိုမာရှင်ဝါရီက အဲဒီ စနစ်ကို ‘မိမိတို့ရဲ့ နိုင်ငံခြားမိတ်ဆွေတွေ’က ပေးအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ဒါဟာ အတော်လေး ရှုပ်ထွေးတဲ့ စနစ်ပါ၊ အခုတော့ အဲဒီ စနစ်ကို သုံးနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပြီး နိုင်ငံခြားမိတ်ဆွေတွေက ကူညီပေးနေတယ်”လို့ သူက ပြောပါတယ်။  

အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့က ၂၀၂၀ ခုနှစ်မှာ ကဘူးလ်မြို့တော်ကို တိုက်ခိုက်ခဲ့တဲ့ ပုံစံအတိုင်း တာလီဘန်တွေဟာ နိုင်ငံတစ်လွှားက အစိုးရတပ်ဖွဲ့တွေကို ဒုံးကျည်တွေ၊ မော်တာကျည်တွေနဲ့ ပုံမှန်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေလျက် ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly