ဧရာဝတီတိုင်းအတွင်းက မြို့အချို့မှာ မီတာခမပေးတဲ့အိမ်တွေကို စစ်ကောင်စီက မီးလိုက်ဖြတ်

ဧရာဝတီတိုင်းအတွင်းက မြို့အချို့မှာ မီတာခမပေးတဲ့အိမ်တွေကို စစ်ကောင်စီက မီးလိုက်ဖြတ်

ဇူလိုင် ၁၁

ဧရာဝတီတိုင်းအတွင်းရှိ ငပုတော၊ပန်းတနော်၊ဘိုကလေး၊ ကျောင်းကုန်းမြို့နယ်တွေမှာ မီတာခမပေးဆောင်တဲ့ အိမ်တွေကို စစ်ကောင်စီရဲ့ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ရဲနဲ့စစ်သားပါအစောင့်ခေါ်ယူပြီးတော့ မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်တိုင်းကိုဖြတ်တာမဟုတ်ဘူး လမ်းထဲမှာ မဆောင်တဲ့ အိမ်တွေ အများကြီးပဲ ကျွန်တော့်အိမ်တစ်အိမ်ထဲကို ရွေးဖြတ်သွားတယ်၊ မီတာက တိုင်ပေါ်ကနေ အိမ်ကိုပြန်ပြောင်းထားပြီးသားကို အိမ်ထဲအထိ ဝင်ပြီးတော့ ကြိုးတွေကိုဖြုတ်သွားတယ်၊ ကိုဗစ်အချိန်မို့ အိမ်ထဲအဝင်မခံပါဘူးဆိုတာကိုမရဘူး ရဲအစောင့်ပါလာတယ်”လို့ မီးဖြတ်ခံခဲ့ရတဲ့ ငပုတောမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဘိုကလေးမြို့နယ် မြင်းကကွင်းကျေးရွာမှာလည်း ဇူလိုင်လ ၁၀ရက်နေ့ က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေပါ လိုက်ပါပြီးတော့ မီတာခ မပေးဆောင်တဲ့ နေအိမ်တွေကို အိမ်တွေထဲထိ လိုက်လံကာ တောင်းယူမှုတွေ လုပ်ဆောင်ခဲ့ပြီး မပေးဆောင်တဲ့ အိမ်တွေကို မီးဖြတ်မယ်လို့ လိုက်လံပြောကြားသွားခဲ့ပါတယ်။

ပန်းတနော်နဲ့ ကျောင်းကုန်းမြို့တွေမှာလည်း စစ်ကောင်စီက ရပ်ကွက်တွေထဲထိ လိုက်လံကာ ဧပြီကုန်အထိ မီတာခမပေးဆောင်ထားတဲ့ နေအိမ်တွေကို မီးစတင်ဖြတ်မယ်လို့ လိုက်လံပြောကြားမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly