ဝိုးတဝါးစင်ကာပူအိပ်မက်နဲ့ တချက်တချက် လွတ်ထွက်သွားခြင်း

ဝိုးတဝါးစင်ကာပူအိပ်မက်နဲ့ တချက်တချက် လွတ်ထွက်သွားခြင်း

ဇူလိုင် ၁၁

စင်ကာပူဆိုတာ ပညာတတ်မြန်မာတွေအတွက် အင်မတန်အလုပ်လုပ်ချင်တဲ့ နိုင်ငံ။ မြန်မာအိမ်ဖေါ်တွေ အတွက် လစာကောင်းကောင်းရနိုင်တဲ့ နိုင်ငံ။ မြန်မာမိဘအတော်တော်များများရဲ့ သူတို့သားသမီးတွေကို ကျောင်းတက်ကြီးပြင်းစေချင်တဲ့နိုင်ငံ ဖြစ်တယ်။ မြန်မာပြည်က ဘာသာရေးလူနည်းစုတွေ အင်မတန် နှစ်ခြိုက်ကြတဲ့နိုင်ငံ။ အဲ၊ မြန်မာထုံးစံအတိုင်း အားကိုးတကြီးနဲ့ သွားအလုပ် လုပ်မယ်၊ ကျောင်းတက်မယ်၊ ပိုက်ဆံရှာမယ်။ ထုံးစံအတိုင်း နည်းမျိုးစုံနဲ့ ရှာကြံအပြစ်ပြော‌ကြတာတွေတော့ အနည်းနဲ့အများ ရှိကြတယ်။ စင်ကာပူမှ မဟုတ်ဘူး။ အင်္ဂလန်ရောက်ဗမာကလဲ အင်္ဂလန်အတင်းချတယ်။ အမေရိကားရောက် ဗမာတွေ ကလဲ ဒီနိုင်ငံမှာကတော့ဆိုပြီး အပြစ်မြင်တတ်ကြတယ်။ 

စင်ကာပူက မြန်မာပြည်နဲ့ နီးတယ်။ မြန်မာပညာတတ်တွေ သွားအလုပ်လုပ်လို့ ရတဲ့အနီးအနားက နိုင်ငံတွေ ထဲမှာ လစာအကောင်းဆုံးပေးတယ်။ အိမ်ဖေါ်တွေအတွက်ကလဲ ပြည်တွင်းမှာ အိမ်ဖေါ်လုပ်ရတာထက်စာ ရင် စင်ကာပူမှာ အိမ်ဖေါ်လုပ်ရတာ လစာအများကြီးပိုရတယ်။

ဆိုးသွမ်းရက်စက်တဲ့အိမ်ရှင်တွေ ရှိပေမယ့် ဥပ‌ဒေရဲ့ အကာအကွယ်က မြန်မာပြည်မှာထက် ပိုရတယ်။ စကားပြောဖူးတဲ့ အမေရိကားရောက် မြန်မာမိဘ တွေကလဲ စင် ကာပူပညာရေးရဲ့ တင်းကြပ်မှုကို သိပ်ကြိုက်ကြတယ်။ သူတို့အမြင်အရ အမေရိကန်အထက် တန်းကျောင်းတွေက သိပ်လျော့ရဲလွန်းတယ်။ မြန်မာပြည်က ဘာသာရေးလူနည်းစုတွေကလဲ စင်ကာပူကို အတော်ကြိုက်ကြတယ်။ စင်ကာပူမှာ နိုင်ငံတော်ဘာသာမရှိဘူး။ ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ် ခွင့်ရှိတယ်။ ဘယ်ဘာသာကိုမှ ဘယ်ဘာသာထက်ပိုအရေးမပေးဘူးဆိုတော့ ဘာသာရေးတန်းတူညီမျှအခွင့် အရေးရတာကို သဘောကျကြတယ်။ သူတို့အပြင် ဘာသာရေးကိုင်းရှိုင်းတဲ့ မြန်မာတွေကလဲ စင်ကာပူကို အတော်ကြိုက်ကြတယ်။ စင်ကာပူက တိုးတက်တဲ့နိုင်ငံတနိုင်ငံအနေနဲ့ဆို တချို့နေရာတွေမှာ အတော်ရှေး ဆန်တယ်။ လိင်တူဆက်ဆံမှုကို မကြိုက်ဘူး။ လူရှေ့သူရှေ့မှာ ဖက်ရမ်းနမ်းရှုတ်နေတာမျိုးကို သိပ်လက်မခံ ကြဘူး။ ပိပိပြားပြား ရှိတယ်။ ဘာသာရေးကို ကြည်ညိုခွင့်ပဲ ရှိပြီး မကြည်ညိုရှုတ်ချခွင့် မရှိလှဘူးဆိုတော့ ကိုယ့်ဘာသာတရားကို လှောင်ပြောင်တဲ့လူမရှိတော့ ကြိုက်ကြတာပေါ့။ 

စင်ကာပူကို မြန်မာအစိုးရတွေကလဲ ကြိုက်ကြတယ်။ အရပ်သားအစိုးရပဲဖြစ်ဖြစ်၊ စစ်အစိုးရပဲဖြစ်ဖြစ် စင်ကာပူက သူ့ဆီမှာရှိတဲ့ မြန်မာတွေ မြန်မာပြည်ကအစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေလုပ်တာ လက်မခံဘူး။ မြန်မာအစိုးရကိုမှ မဟုတ်ဘူး။ ဘယ်အစိုးရကိုမှ သူ့ဆီမှာ ဆန္ဒပြတာ လက်ခံပုံမရဘူး။ သူ့အစိုးရကို ဆန္ဒပြ တာတွေလဲ မရှိဘူး။ 

စင်ကာပူမှာ ပိုက်ဆံရှိတယ်။ ဖန်တီးမှုအနုပညာမရှိဘူး။ စင်ကာပူရော၊ ဟောင်ကောင်ရောက အင်မတန် သေးငယ်ကြတယ်။ ပိုက်ဆံချမ်းသာကြတယ်။ လူမျိုးအခြေခံချင်းလဲ တူကြတယ်။ အများစုက တရုတ် လူမျိုးတွေ။ ဒါပေမယ့် ဟောင်ကောင်က ထွက်လိုက်တဲ့ ရုပ်ရှင်တွေဆိုတာ မနည်းမနောပဲ။ အနုပညာအရ ရော၊ ဝင်ငွေအရပါ အောင်မြင်တယ်။ ဂီတဆိုလဲ ကန်တုန်ပေါ့ပ်ဆိုပြီး အမျိုးအစားတခုကိုတောင် တီထွင် နိုင်တယ်။ စာပေဆိုလဲ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ နဂါးနိုင်ဓါး၊ သိုင်းလောကရဲ့ စိန်ခေါ်သံ စတဲ့ သမိုင်းနောက်ခံ ၀တ္တုတွေ၊ စာကောင်းပေကောင်းတွေ အတော်ထွက်တယ်။ စင်ကာပူမှာ အဲလို အနုပ ညာဖန်တီးမှုတွေ မရှိသလောက် ရှားတယ်။ ဒါပေမယ့် မြန်မာအများစုက ကျောင်းတက်ကတည်းက ပိုက်ဆံ ရနိုင်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာလို မေဂျာမျိုးကို တက်ချင်ကြတယ်ဆိုတော့ ပိုက်ဆံရှိဖို့က အနုပညာဖန်တီး မှုရှိဖို့ထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်ကြတယ်။ အကောင်းဖက်က တွေးရင်တော့ လက်တွေ့ကျတယ် လို့ ပြောနိုင်တယ်။ 

စင်ကာပူက အရမ်းသန့်ရှင်းပြီး စည်းကမ်းရှိတယ်။ စင်ကာပူမှာ အစိုးရကို ဝေဖန်ဖို့ ခက်တယ်။ ဆန္ဒပြပွဲတွေ လုပ်ဖို့ ဥပဒေအရ ခွင့်ပြုပေမယ့် အနောက်နိုင်ငံတွေမှာလောက် မလွယ်ဘူး။ ဒါပေမယ့် စင်ကာပူက အရမ်း သန့်တယ်။ အရမ်းစည်းကမ်းရှိတယ်။ ဆန္ဒမပြရတာ ဘာအရေးလဲလို့ တချို့က ပြောကြတယ်။ သန့်ရှင်းမှုနဲ့ စည်းကမ်းရှိဖို့ကို လွတ်လပ်မှုနဲ့ လဲမယ်ဆို လဲချင်တဲ့လူတွေ ရှိတယ်။ 

စင်ကာပူမှာ ပညာတတ်နှုန်းအရမ်းများတယ်။ အင်္ဂလိပ်လိုမပြောတတ်တဲ့ လူငယ်ဆိုတာ မရှိဘူး။ ကျန်းမာ ရေးနဲ့ မညီညွတ်လောက်အောင် ၀နေတဲ့လူလဲ ရှားတယ်။ စင်ကာပူမှာ ၀ိုင်အရက်က ဈေးကြီးပေမယ့် အခြေ ခံစားသောက်ကုန်တွေက ရတဲ့ဝင်ငွေနဲ့ဆိုရင် အတော်ကို ဈေးသက်သာတယ်။ အသား၊ ငါး၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ် သူ့ဆီမှာ မထွက်ပေမယ့် သူ့ဆီမှာ မြန်မာပြည်မှာထက် ဝင်ငွေအရ ဈေးသက်သာတယ်။ စင်ကာပူက ချမ်းသာတဲ့နိုင်ငံတွေထဲမှာ အိမ်ယာပိုင်ဆိုင်မှုအများဆုံးနိုင်ငံတွေထဲမှာ ပါတယ်။ များသောအား ဖြင့် အိမ်ပိုင်ဆိုင်တဲ့နှုန်းက ချမ်းသာတဲ့နိုင်ငံတွေမှာ နည်းတတ်တယ်။ ဈေးကြီးတာရယ်။ အိမ်ငှားတွေရဲ့ ရပိုင် ခွင့်တွေက အတော်ခိုင်ခိုင်မာမာရှိကြတာရယ်ကြောင့် အိမ်ပိုင်ဆိုင်မှု နည်းတတ်တယ်။ 

အိမ်ပိုင်တယ်။ ပညာတတ်တယ်။ စည်းကမ်းရှိတယ်။ ချမ်းသာတယ်။ လူမျိုးရေးပြဿနာတွေ မရှိဘူးဆိုတဲ့ စင်ကာပူကို အာရှအစိုးရတွေ အရမ်းကြိုက်ကြတယ်။ သူတို့နိုင်ငံတွေကို စင်ကာပူလို ဖြစ်ချင်ကြတယ်။ တ ရုတ်ပြည်ကြီးကို စီးပွါးရေးတံခါးဖွင့်ပေးခဲ့တဲ့ တိန့်ရှောင်ဖိန်က စင်ကာပူကို မော်ဒယ်လ်ထားကြည့်တယ်။ မြန်မာပြည်ကလဲ စင်ကာပူကို အားကျတယ်။ ပြဿနာတခုက စင်ကာပူဆိုတာ နိုင်ငံသေးသေးလေး။ ရန် ကုန်မြို့က ၂၂၂ စတုရန်းမိုင်၊ စင်ကာပူက ၂၈၂ စတုရန်းမိုင်။ မြန်မာပြည်က စင်ကာပူထက် အဆတထောင် လောက် ပိုကြီးတယ်။ တရုတ်ပြည်နဲ့ စင်ကာပူဆိုရင်တော့ ပြောမနေနဲ့တော့။ စင်ကာပူရဲ့ အဓိက လူမျိုးတွေ က တရုတ်၊ အိန္ဒိယနဲ့ မလေးနွယ်ဖွားတွေ။ မြန်မာပြည်မှာက ဒီထက် လူမျိုးအုပ်စုအများကြီးပိုတယ်။ တရုတ် က မြန်မာထက် အများကြီးပိုနေသေးတယ်။ 

စင်ကာပူက ဘာနဲ့တူလဲဆိုတော့ တဦးတည်းသောကလေးကို ကြည့်ရတဲ့ ချမ်းသာတဲ့ပညာတတ်မိဘနဲ့ တူတယ်။ ကလေးက တယောက်ထဲ။ မိဘက ပညာလဲတတ်၊ ချမ်းလဲချမ်းသာဆိုတော့ အောင်မြင်အောင် လုပ်ပေးဖို့ဆိုတာ သိပ်မခက်လှဘူး။ မြန်မာပြည်ကကျတော့ ကလေးတဒါဇင်လောက်မွေးထားတဲ့ ဆင်းရဲ သားမိဘနဲ့တူတယ်။ မသေရုံတမည် စားဖို့တောင် မနည်းရှာနေရတာ၊ ကလေးတွေ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ဖို့မပြောနဲ့။ ဆယ်တန်းမအောင်ခင် အလုပ်ထွက်ပြီး အိမ်အတွက် ဝိုင်းကူခိုင်းဖို့တောင် စဉ်းစားနေရမယ့် အနေအထား။ 

ကိုယ့်နိုင်ငံနဲ့ အနေအထားခြင်းမတူတဲ့ စင်ကာပူကို သွားပြီးအားကျတော့ အတော်ခက်ကုန်တယ်။ စင်ကာပူ က နိုင်ငံသေးသေးလေးဖြစ်ပြီး ချမ်းသာဖွံ့ဖြိုးတိုးတက်တယ်ဆိုရင် ငါတို့လို သယံဇာတပေါကြွယ်၀ပြီး လူ ပိုများတဲ့နိုင်ငံက ဘာလို့ မတိုးတက်နိုင်ရမှာလဲဆိုတဲ့အတွေးတွေ ဝင်ကုန်တယ်။ စင်ကာပူက နိုင်ငံသေးသေး လေးနဲ့ ချမ်းသာလာတာမဟုတ်ဘူး။ စင်ကာပူက နိုင်ငံသေးသေးလေးမို့လို ချမ်းသာလာတာလို့ ပြောလို့ရ တယ်။ စင်ကာပူအရွယ် နိုင်ငံလေးတွေ အကုန်ချမ်းသာကြတယ်။ သူ့လောက်တော့ တိုးတက်ချင်မှ တိုးတက် မယ်။ သယံဇာတရှိတဲ့ စင်ကာပူထက်ကြီးတဲ့နိုင်ငံတွေထဲမှာ ဆင်းရဲမွဲတေတဲ့နိုင်ငံတွေ အတော်ကို ရှိတယ်။ ဆင်းရဲတဲ့နိုင်ငံတနိုင်ငံမှာ သယံဇာတလဲ အတော်ရှိပြီဆိုရင် အာဏာရှင်အစိုးရ၊ ဒါမှမဟုတ် အလုပ်မဖြစ်တဲ့ ဒီမိုကရေစီအစိုးရတွေ ကြီးစိုးမင်းမူတတ်ကြတယ်။

မိတ်ဆွေအမျိုးသမီးတယောက်နဲ့ စကားပြောဖူးတယ်။ သူက အခုအလေးချိန်တွေ တက်နေတယ်တဲ့။ တနေ့ ကို တနာရီလောက် ပြေးပြေးပေးရင်ကောင်းမယ်တဲ့။ ကျွန်တော်က အတော်ရယ်ချင်မိတယ်။ အကျင့်မရှိ၊ ပြေးနေမကျ၊ ခပ်၀၀ဆိုရင် တနာရီမပြောနဲ့။ ငါးမိနစ်ပြေးပြီးရင်တောင် ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်လာပြီ။ နှစ် ရက်လောက်ဆက်တိုက်ပြေးပြီးရင် နောက်ထပ်ထပ်မပြေးချင်တဲ့စိတ်တွေ ဝင်လာလောက်အောင် လူက ပင် ပန်းနွမ်းနယ်လာပြီ။ အဲဒါကို မသိ၊ နားမလည်၊ မဆင်ခြင်မိဘဲ ခပ်၀၀လူတယောက်က ခပ်တောင့်တောင့်လူ တယောက်ကို တွေ့လိုက်တော့ အားကျမာန်တက်ပြီး ငါလဲ အဲလိုဖြစ်အောင် လုပ်ဖို့သိပ်မခက်ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုတွေးမိမယ်ဆိုရင်တော့ အတော်မှားမယ်။ ခပ်တောင့်တောင့်ဖြစ်အောင်လုပ်ရတာ ဝဋ်ခံသလို နေရ၊ စားရတယ်။ လေ့ကျင့်ခန်းတွေလုပ်ရတယ်။ အင်မတန်ခက်ခဲတယ်။ ဒါတွေကို လိုက်လုပ်ဖို့ဆိုတာ အတော်ခက်တယ်။ အဲ။ လွှတ်ခနဲ ခပ်လွတ်လွတ်ပြောလိုက်ရတာတော့ အတော်လွယ်တယ်။ 

မြန်မာတွေလဲ စင်ကာပူကို အားကျကြတယ်။ ငါတို့တိုင်းပြည်မှာ အစိုးရကောင်းကောင်းရှိမယ်ဆိုရင် သူတို့ ကို အသာလေးသာနိုင်တယ်ဆိုပြီး ကြွေးကြော်ကြတယ်။ လူထုရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အရပ်သား အစိုးရလက်ထက်မှာ စင်ကာပူကိုဆယ်စုနှစ်အနည်းငယ်အတွင်း မှီအောင်လိုက်ရမယ်ဆိုတဲ့ လူ၀ကြီး မနက် ထပြေးမယ်ဆိုတဲ့ အတွေးကလွဲလို့ ဘာမှ မယ်မယ်ရရ မဖြစ်ခဲ့လိုက်ဘူး။ ဒေသတွင်းမှာ မြန်မာထက် ပိုစောပြီး တိုးတက်ဖွံ့ဖြိုးနေတဲ့ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ အစိုးရတွေက သူတို့နိုင်ငံတွေ ဘယ်နှစ်နှစ်အတွင်း စင်ကာပူကို မှီစေရမယ်ဆိုပြီး ကြွေးကြော်တာ မကြားဖူး၊ မဖတ်ဖူးဘူး။ သူတို့နိုင်ငံကို သူတို့ဘာသာသူတို့ တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားကြတယ်။ သူတို့တိုးတက်အောင် ကြိုးစားနေချိန်မှာ စင်ကာပူကလဲ ငုတ်တုတ်ကြီးနဲ့ သူ့ကိုကျော်ကြပါလို့ ထိုင်စောင့်နေတာမဟုတ်ဘူးဆိုတာ သူတို့ သိကြတယ်။

လွတ်လပ်တဲ့ အရပ်သားအစိုးရလက်ထက်မှာတောင် ဘာမှ မဖြစ်ခဲ့ဘူးဆိုတော့ သူများဆီက အာဏာကို လက်နက် အားကိုးနဲ့ မတရားသိမ်းထားတဲ့ စစ်အစိုးရလက်ထက်မှာတော့ မြန်မာပြည်ရဲ့ စင်ကာပူအိပ်မက် က ပိုဝေးသထက်ဝေးလာရောပါ့။ စစ်အာဏာရှင်ကတော့ အခုထက်ထိ စင်ကာပူကို ဘယ်လိုကျော်မယ်၊ ဘယ်လိုဖြတ်မလဲဆိုတဲ့ ကြွေးကြော်ချက် မထုတ်သေးဘူး။ မေ့နေတာလား။ မတရားသိမ်းထားတဲ့ အာဏာ မြဲအောင် အာရုံစိုက်နေရလို့လား။ ပြောပြီးမဖြစ်လာရင် အရှက်ကွဲမှာစိုးလို့လား။ တခုခုတော့ တခုခုပဲ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly