ရန်ကုန်တွင် အောက်ဆီဂျင်စက်ရုံအချို့ ပိတ်လိုက်ခြင်းကြောင့် အောက်ဆီဂျင်ရရှိရန်အခက်အခဲဖြစ်လာပြီး ဈေးများအဆမတန်ခုန်တက် 

ရန်ကုန်တွင် အောက်ဆီဂျင်စက်ရုံအချို့ ပိတ်လိုက်ခြင်းကြောင့် အောက်ဆီဂျင်ရရှိရန်အခက်အခဲဖြစ်လာပြီး ဈေးများအဆမတန်ခုန်တက် 
ဓာတ်ပုံ-CJ

ဇူလိုင် ၁၁

ရန်ကုန်မြို့တွင် ယမန်နေ့ကစ၍အောက်ဆီဂျင်စက်ရုံအချို့ ရောင်းချခြင်းရပ်ဆိုင်းလိုက်ခြင်းကြောင့် လိုအပ်သူများအောက်ဆီဂျင်ရရှိရန်အခက်အခဲဖြစ်လာပြီး ၀ယ်လိုအားများသည့်အတွက်ဈေးများအဆမတန်ခုန်တက်လာကြောင်း ပရဟိတလူမူကူညီရေးအသင်းအချို့ထံမှသိရသည်။ 

အောက်ဆီဂျင်ရောင်းချပေးသည့် စက်ရုံအချို့ကိုပြင်ပသို့ ရောင်းချခြင်းမပြုရန် အစိုးရဆေးရုံ၊ ဆေးကုသရေးစင်တာတွေကိုသာ ဦးစားပေး ရောင်းချရန် အကြမ်းဖက်စစ်ကောင်စီမှ ညွှန်ကြားခဲ့ပြီးသည့်နောက် ဇူလိုင်လ ၁၀ ရက်မှစ၍ယနေ့အထိ ကိုဗစ်ကူးစက်ခံရသူလူနာအများစုနှင့်လိုအပ်သူများမှာ အောက်ဆီဂျင်ရရှိရန်ခက်ခဲရှိလာကြောင်း ရန်ကုန်မြို့‌ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ 

ဓာတ်ပုံ-CJ

"အခုလောလောဆယ်အများဆုံးပေးနိုင်တဲ့ Naing ရယ် ။ ရွှေပြည်သာက Unity ကို ပိတ်ချလိုက်တာ by force(အတင်းအကြပ်) နဲ့ ။သိမ်ဖြူသဘ်ောကျင်းကတော့အစောကြီးထဲသူတို့ဟာပဲဆိုတော့ထားတော့။ဒီ‌နေ့မနက် အစောပိုင်းလောက်မှလူ‌အများကြီး၀ယ်နေတာကိုမရောင်းတော့ဘူးဆိုပြီးဖြတ်ချလိုက်တာ။ အခုကဝယ်လိုအားကအရမ်းများနေတော့ စျေးတွေကလိုက်တတ်လာတယ် တက်တာပေါ့။ နောက်ဆုံး ဈေးက ဆိုင်လေး‌တွေပဲ၀ယ်လို့ရတော့ 10L အိုးလေးတွေဆိုအရင်က ၅သောင်း၊၇သောင်း အခုနှစ်သိန်း Flowmeter တွေပါတစ်ခု ၈သောင်းထိတက်သွားတယ်"ဟုပရဟိတကူညီကယ်ဆယ်ရေးလူငယ်တစ်ဦးကမဇ္ဈိမကိုပြောသည်။

ထိုသို့‌ဈေးမြင့်တက်မှုများ ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင်မတူဘဲ ၈ သိန်းတန် အောက်ဆီဂျင်အိုး တစ်အိုးကို ၁၈ သိန်းမှ ၂၂ သိန်းအထိ ရှိလာနေပြီး အောက်ဆီဂျင်အိုးတွင်တပ်ဆင်သည့် Flowmeter ကိရိယာ မှာ ယခင် ကတစ်သောင်းဝန်းကျင်ရှိပြီး  ယခုအခါ လေးသောင်း မှ ရှစ်သောင်း အထိ အစားစားဖြင့်ရောင်းချ နေကြောင်း ဒေသခံများထံမှသိရသည်။ 

ဓာတ်ပုံ-CJ

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ဆေးရုံကြီးများနှင့်ကွာရန်တင်းစင်တာများမှာ ပြည်သူအများစုက ကုသမှုမခံယူနိုင်သောကြောင့် နေအိမ်တွေမှာပဲ ကုသဖို့အတွက် အောက်ဆီဂျင်အဓိကရောင်းချသည့် စက်ရုံများသို့  သွားရောက်စောင့်ဆိုင်း၍၀ယ်ယူနေရခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီရဲ့ညွှန်ကြားမှုကြောင့် အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးမှ လှည့်ပြန်လိုက်ရသည့်ပြည်သူများ အောက်ဆီဂျင်ရရှိရန်အခက်အခဲဒုက္ခရောက်နေကြောင်းသိရသည်။ 

"အရမ်းအရေးကြီးလို့ရောက်လာပြီးပြန်မျက်စိရှေ့မှာတင်အများကြီးပဲ။ မ‌နေ့ကဆို တောင်ဒဂုံနိုင်မှာလူ၅၀၀ကျော်လောက်ရှိမယ်။ မနေ့က တိုးကြိတ်နေတာ။ ဒီ‌ေန့ဆို ရွှေပြည်သာ Unity ရှေ့မှာ လူ၃၀၀ကျော်လောက်ရှိမယ်။ကျွန်တော်ကတစ်ယောက်ထဲ Individual လုပ်နေတာဆိုတော့ အခုဆို ၅အိုးပဲရှိတော့တယ်။ အလှူခံတဲ့သူတွေနဲ့လက်ထဲရှိတဲ့ အိုးအရေအတွက်လုံးဝမကာမိဘူ။း Facebook က Message request တောင်၀င်မကြည့်နိုင်တော့ဘူး။ လိုအပ်တဲ့သူတွေအရမ်းများနေလို့"ဟုအလှူရှင်လူငယ်တစ်ဦးကဆိုသည်။ 

ဓာတ်ပုံ-CJ

ရန်ကုန်မြို့တွင် ကိုဗစ်တတိယလှိုင်း၏ ကူးစက်ပြန့်နှံ့မှုနှုန်း မြှင့်တက်လာသောကြောင့် အောက်ဆီဂျင်ပြတ်လတ်သည့် သက်လတ်ပိုင်း၊သက်ကြီးပိုင်းဒေသခံအချို့မှာ အသက်ဆုံးရှူံးမှုများလာကြောင်း ရန်ကုန်မြို့နေပြည်သူများမှလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားကြသည်။ 
တောင်ဒဂုံရှိ Naing နှင့်ရွှေပြည်သာရှိ Unity အောက်ဆီဂျင်စက်ရုံများသို့ မဇ္ဈိမမှဆက်သွယ်ရန်ပြုလုပ်ခဲ့သော်လည်း ဖုန်းဆက်သွယ်၍မရခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly