ထိုင်းမှာ အလှမယ်ပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ အစုအဝေးပုံစံ ဗိုင်းရပ်စ်ကူးစက်မှုကို စုံစမ်းစစ်ဆေး

ထိုင်းမှာ အလှမယ်ပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ အစုအဝေးပုံစံ ဗိုင်းရပ်စ်ကူးစက်မှုကို စုံစမ်းစစ်ဆေး
(Miss Grand Thailand /  AFP Photo)

ဇူလိုင် ၁၁

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ ပါ၀င်ခဲ့တဲ့ ထိုင်းအလှမယ်တွေဟာ နှာခေါင်းစည်း တပ်မထားခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်မှာ သတိပေးသွားခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲကနေ ကူးစက်မှု ၂၂ ခု ပါ၀င်တဲ့ အစုအဝေးပုံစံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဥ်တစ်ခု ထွက်ပေါ်ပြီးနောက် ထိုင်းအာဏာပိုင်တွေဟာ အဆိုပါ ပြိုင်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ Miss Grand Samut Sakhon ပြိုင်ပွဲနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ပြိုင်ပွဲ၀င် ၁၃ ဦးနဲ့ အခြား လူကိုးဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းတစ်ခုနဲ့ ရင်ဆိုင်လုံးပန်းနေရပြီး ဇူလိုင် ၁၀ ရက်မှာ ကူးစက်ခံရသူသစ် ၉,၅၃၉ ဦးနဲ့ သေဆုံးသူ ၈၆ ဦး ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“စည်းမျဥ်း၊စည်းကမ်းတွေ ချိုးဖောက်ထားခဲ့တဲ့ ပြိုင်ပွဲ၀င်တွေ အပါအ၀င် ပြိုင်ပွဲမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ လူအများအပြားလည်း စည်းမျဥ်းတွေ ချိုးဖောက်ထားခဲ့နိုင်ပါတယ်” လို့ မက်ထရို ပိုလစ်တန် ရဲဌာန ဒုတိယရဲမင်းကြီး ပီယာ တာ၀ီချိုင်းက ဇူလိုင် ၁၁ ရက်မှာ ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ပြိုင်ပွဲစီစဥ်သူတွေဟာ ပွဲကျင်းပဖို့ သက်ဆိုင်ရာကနေ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် နှာခေါင်းစည်း တပ်တာ အပါအ၀င် အထူးစည်းမျဥ်းစည်းကမ်း အချက် ၂၀ ကို လိုက်နာဖို့ လိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

“အဲဒီ ပြိုင်ပွဲမှာ ပါ၀င်တက်ရောက်ခဲ့သူတွေဟာ နှာခေါင်းစည်းတွေ မတပ်ခဲ့ကြသလို အရေးပေါ် အမိန့်နဲ့ ရောဂါထိန်းချုပ်ရေး ဥပဒေတွေကိုလည်း ချိုးဖောက်ခဲ့ကြပါတယ်” လို့ ပီယာက ပြောသွားခဲ့ပါတယ်။

အဆိုပါ ပြည်နယ်အဆင့် ပြိုင်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်ခဲ့သူတွေနဲ့ စီစဥ်သူတွေဟာ ယခုအခါမှာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီး ၎င်းတို့ဟာ ဖြစ်နိုင်ဖွယ်ရှိ ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly