ဘင်္ဂလားဒေ့ရှ် စက်ရုံမီးလောင်ပြီးနောက် ကလေးလုပ်သား ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

ဘင်္ဂလားဒေ့ရှ် စက်ရုံမီးလောင်ပြီးနောက် ကလေးလုပ်သား ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ
Photo - AFP

ဇူလိုင် ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စားသောက်ကုန် ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မီးအကြီးအကျယ်လောင်ခဲ့ပြီးနောက် ကလေးလုပ်သားဒါဇင်နဲ့ချီ ပျောက်ဆုံးလျက်ရှိပြီး ယခုအခါမှာ အဆိုပါ ပျောက်ဆုံးကလေးလုပ်သားတွေရဲ့ မိသားစုတွေဟာ သတင်းတစ်ခုခု သိရဖို့ ရင်ခွဲရုံတစ်ခုရဲ့ အပြင်ဘက်မှာ စောင့်ဆိုင်းနေကြရပါတယ်။

အဲဒီလို ပျောက်နေတဲ့ ကလေးလုပ်သားတွေထဲမှာ လိုင်ဇူ ဘီဂျမ် အမည်ရ အမျိုးသမီးတစ်ဦးရဲ့ အသက် ၁၁ နှစ်အရွယ် တူလေး တစ်ဦး ပါ၀င်နေပြီး ၎င်းဟာ ခေါက်ဆွဲတွေ၊ သစ်သီး‌ဖျော်ရည်တွေလိုမျိုး ထုတ်ပိုးစားသောက်ကုန်တွေ ထုတ်လုပ်တဲ့ ဟက်ရှမ် စားသောက်ကုန်လီမိတက် စက်ရုံရဲ့ တတိယထပ်မှာ အလုပ်လုပ်နေခဲ့သူ ဖြစ်ပါတယ်။

လူ ၅၂ ဦးအထိ သေဆုံးစေခဲ့တဲ့ စက်ရုံမီးလောင်မှုဖြစ်စဥ် ဖြစ်ပြီးနောက် အဆိုပါ စက်ရုံပိုင်ရှင်ကို လူသတ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဆိုပါ မီးလောင်ခဲ့တဲ့ စက်ရုံမှာ အသက် ၁၁ နှစ်အထိ ငယ်ရွယ်သေးတဲ့ ကလေးတွေ အလုပ်လုပ်နေခဲ့ကြတယ်ဆိုတာကို ဖော်ထုတ်သိရှိထားတယ်လို့ သိရပါတယ်။

ဇူလိုင် ၈ ရက်က စလောင်ခဲ့ပြီး တစ်ရက်ကျော်ကြာတဲ့ စက်ရုံမီးလောင်ကျွမ်းမှုဖြစ်စဥ်နဲ့ပတ်သက်လို့ ယခုအခါမှာ စက်ရုံပိုင်ရှင်၊ ၎င်းရဲ့ သားလေးဦး အပါအ၀င် လူရှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဆိုပါ စက်ရုံမှာ ကလေးလုပ်သားတွေ အသုံးပြုမှုနဲ့ပတ်သက်လို့ သီးခြား စုံစမ်းစစ်ဆေးမှုတစ်ခုကိုလည်း လုပ်ဆောင်နေပါတယ်။

မီးလောင်မှုဖြစ်ချိန်က စက်ရုံ၀င်ပေါက်ဟာ သော့ခလောက် ခတ်ထားခဲ့ပြီး အဆိုပါ စက်ရုံဟာ မီးဘေးအန္တရာယ်နဲ့ အခြားဘေးကင်းမှုဆိုင်ရာ စည်းမျဥ်းတွေကို ချိုးဖောက်ထားခဲ့တယ်လို့ နာရာယန်ဂါနီ ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဂျယီဒူလ် အလမ်က ပြောပါတယ်။

ဒါကာမြို့ ပြင်ပ စက်မှုမြို့တစ်မြို့ဖြစ်တဲ့ ရပ်ဂါနီရှိ ဟက်ရှမ် အစားအသောက်နဲ့ ဖျော်ရည် စက်ရုံ မီးလောင်ပြီးနောက် စက်ရုံရဲ့ တတိယထပ်ကနေ အလောင်း၄၈ လောင်းအထိ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ တွေ့ရှိခဲ့ပါတယ်။

အဓိက လှေကားတစ်ခုရဲ့ ထွက်ပေါက်တစ်ခု သော့ခတ်ထားခဲ့သလို စက်ရုံထဲမှာ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေ၊ ပလတ်စတစ်တွေကိုလည်း သိုလှောင်ထားရှိကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုအခါမှာ အဆိုပါစက်ရုံမှာ ကလေးလုပ်သား အသုံးပြုမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီဖြစ်သလို မီးလောင်မှုနောက်ပိုင်း ဆေးရုံတက်နေခဲ့ရတဲ့ အသက် ၁၄ နှစ်အရွယ် အသက်ရှင်လွတ်မြောက်ခဲ့သူနှစ်ဦးနဲ့လည်း တွေ့ဆုံစကားပြောဆိုထားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အလုပ်သမားရေးရာ၀န်ကြီး မွန်နူဂျန် ဆူဖီယန်ကပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly