ဗင်နီဇွဲလားမှာ ရဲတပ်ဖွဲ့နဲ့ လူဆိုးဂိုဏ်းအဖွဲ့အကြား တိုက်ပွဲအတွင်း လူ ၂၆ ဦး သေဆုံး

ဗင်နီဇွဲလားမှာ ရဲတပ်ဖွဲ့နဲ့ လူဆိုးဂိုဏ်းအဖွဲ့အကြား တိုက်ပွဲအတွင်း လူ ၂၆ ဦး သေဆုံး

ဇူလိုင် ၁၁

ဗင်နီဇွဲလားနိုင်ငံမှာ ကာရာကက်စ်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်တွေကို ထိန်းချုပ်ထားတဲ့ လူဆိုးဂိုဏ်းအုပ်စုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား နှစ်ရက်နီးပါးကြာ ထိပ်တိုက်တွေ့ တိုက်ပွဲတွေဖြစ်ပြီးနောက် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။

သေဆုံးသူတွေကတော့ သံသယရှိ လူဆိုးဂိုဏ်းအဖွဲ့သား ၂၂ ဦးနဲ့ ရဲတပ်ဖွဲ့၀င်လေးဦးတို့ ဖြစ်ကြောင်း ပြည်ထဲရေး၀န်ကြီး ကာမန် မယ်လန်ဒက်ဇ်က ပြောပါတယ်။

ဒါ့အပြင် အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အရေအတွက်အတိအကျမသိရသေးတဲ့ အရပ်သားတစ်ချို့လည်း သေဆုံးခဲ့သလို ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ ၎င်းတို့အနက် ၁၈ ဦးဟာ ဘေးကနေ ရပ်ကြည့်သူတွေဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေဟာ ဇူလိုင် ၇ ရက် ညနေပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး ပြည်သူတွေဟာ ၎င်းတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

ယင်း တိုက်ခိုက်မှုတွေအတွင်း စွမ်းအားမြင့် ရိုင်ဖယ်တွေ၊ မီးကျည်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ဒရုန်းတွေ အသုံးပြုခဲ့တာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Cota 905 လို့ ခေါ်တဲ့ ဆင်းရဲသားရပ်ကွက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့၀င် ၂,၅၀၀ အထိကို တပ်ဖြန့်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ရပ်ကွက်ဧရိယာကို ထိန်းချုပ်နေခဲ့တဲ့ ဂိုဏ်းအဖွဲ့ ခေါင်းဆောင်ကို လက်ရဖမ်းမိဖို့အတွက် အာဏာပိုင်တွေဟာ ဆုကြေး ဒေါ်လာ ငါးသိန်း ထုတ်ထားခဲ့ပါတယ်။

တိုက်ပွဲအပြီးမှာတော့ ခဲယမ်းကျည်အတောင့် ၂၄,၀၀၀ ၊ ဒုံးပစ်လောင်ချာ သုံးလုံး၊ ရိုင်ဖယ် ငါးလက်၊ စက်သေနတ် လေးလက်နဲ့ အခြား သေနတ်အချို့ကို ရဲတွေက သိမ်းဆည်းခဲ့ပါတယ်။

“တိုက်ပွဲအတွက် သုံးတဲ့ စစ်လက်နက်တွေ ကျွန်မတို့ သိမ်းဆည်းရမိခဲ့တယ်” ဟု မယ်လန်ဒက်ဇ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း အလားတူ တိုက်ပွဲမျိုးတွေအတွင်း လူသုံးဦးထက်မနည်း သေဆုံးခဲ့သလို အဲဒီထဲမှာ သူနာပြုတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့ရပါတယ်။

ဗင်နီဇွဲလားကတော့ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုအရှိဆုံး နိုင်ငံတွေထဲမှာ ပါ၀င်နေပါတယ်။ ၂၀၂၀ မှာ ယင်းနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူ ၁၂,၀၀၀ ရှိခဲ့ကြောင်း ဗင်နီဇွဲလား အကြမ်းဖက်မှု စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ပါတယ်။ ယင်းဟာ လူတစ်သိန်းလျင် ၄၅ ဒသမ ၆ ဦးနှုန်း ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထားထက် ခုနစ်ဆ ပိုမြင့်မားနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly