Alpine သောက်ရေသန့်စက်ရုံတွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်

Alpine သောက်ရေသန့်စက်ရုံတွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်

ဇူလိုင် ၁၀

Alpine သောက်ရေသန့်စက်ရုံတွင် စက်ရုံမှူးအပါအဝင် ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားသူ ၁၀ ဦးရှိကြောင်း ယုံကြည်စိတ်ချရသောသတင်းအရင်းအမြစ်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်ရှိ ရေသန့်စက်ရုံမှ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ Positive သမားများကို မှော်ဘီ မြောင်းတကာရှိ ကွာရန်တင်းစင်တာများသို့လည်းကောင်း၊ နေအိမ်တွင် သီးသန့်ကွာရန်တင်းနေစေခြင်းသော်လည်းကောင်း စီမံထားပြီး စက်ရုံက ငွေကြေးနှင့် ဆေးဝါးထောက်ပံ့မှုပေးသည်။

ဇူလိုင် ၅ ရက်နေ့ကစ၍ တွေ့ရှိခဲ့ရသော ကိုဗစ်-၁၉ ကူးစက်ခံရယူသူများသည် ထုတ်လုပ်ရေးအပိုင်းကော အရောင်းဌာနအပိုင်းကပါ ပါဝင်သည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။

စက်ရုံဝန်ထမ်းများအကြား နေမကောင်း၍ ခွင့်ယူသူများလာ၍ စက်ရုံစားရိတ်ဖြင့် ဖျားနာလက္ခာရှိသူများကို ဆေးစစ်မှုခံယူကြစေရာက ဝန်ထမ်းအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း စတင်တွေ့ရှိခဲ့ကြသည်။

အချို့က ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင်အမှတ်သုည (ဇီးရိုးမိုင်) တွင် ဆေးစစ်မှုပြုလုပ်ကြပြီး အချို့ကတော့ နေအိမ်အနီးနီးစပ်ရာတွင် ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးမှုခံယူခဲ့ကြသည်။

ပြင်ပနှင့်ထိတွေ့မှုများသည့် အရောင်းဝန်ထမ်းများအားလုံးကို ဆေးစစ်ရန် စီစဉ်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။

ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းများတွင် Alpine စက်ရုံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများရှိခဲ့သော်လည်း နှစ်ကြိမ်ပေါင်းမှ ခုနှစ်ဦးသာရှိခဲ့သည်။ 

သို့သော် ထိုစဉ်က Positive သမားများနှင့် ထိတွေ့ဖူးသူများကိုပါ ကွာရန်တင်းဝင်ခိုင်း အလုပ်နားခိုင်းသော်လည်း ယခုအခါ အဆိုပါအစီအမံမရှိဟုလည်း သိရသည်။ 

စက်ရုံ၏ ထုတ်လုပ်မှုကဏ္ဍတွင် တစ်ရက်လျှင် ၁၂ နာရီအလုပ်ဆင်း (မနက် ၆ နာရီမှညနေ ၆ နာရီအထိ) လုပ်ရကာ တစ်ပတ်လျှင် နှစ်ရက်အနားရသည်။ ယခင်က ပုံမှန် တစ်ပတ်လျှင် တစ်ရက်သာအနားပေးရာက အနားပေးရက်တိုးလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly