အင်ဒိုနီးရှားမှာ ကိုဗစ်သေဆုံးနှုန်းကြောင့် ခေါင်းတလား လိုအပ်ချက် မြင့်မားလို့ စေတနာ့ဝန်တွေကပါ ကူညီထုတ်လုပ်ပေးနေရ 

အင်ဒိုနီးရှားမှာ ကိုဗစ်သေဆုံးနှုန်းကြောင့် ခေါင်းတလား လိုအပ်ချက် မြင့်မားလို့ စေတနာ့ဝန်တွေကပါ ကူညီထုတ်လုပ်ပေးနေရ 
Photo - AFP

ဇူလိုင် ၁၀

ဆိုးဝါးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ခေါင်းတလားတွေ လိုအပ်ချက် မြင့်မားနေရာ မြို့တော် ဂျကာတာမှာ စေတနာ့ဝန် ပြည်သူတွေဟာ ခေါင်းတလားတွေ ပြုလုပ်ထုတ်လုပ်ပေးရေးမှာ ပါဝင်ကူညီ အားဖြည့်ပေးနေကြရပါတယ်။ 

ခေါင်းတလား လိုအပ်ချက် မြင့်မားတာကို ရင်ဆိုင်နေရတဲ့ သုဘရာဇာတွေအနေနဲ့ အလျင်မီအောင် ပြုလုပ်ပေးနိုင်ရေးအတွက် ဝန်နဲ့အား မမျှဘဲ ရှိနေတော့တာပါ။ 

အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားမှာ ကူးစက်မှု ပိုမြန်တဲ့ Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့် အပြင်းထန်ဆုံး ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်နေရပြီး နေ့စဉ် ရာပေါင်းများစွာ သေဆုံးကာ ထောင်ပေါင်းများစွာ ကူးစက်မှုတွေ ဖြစ်နေပါတယ်။ 

ကူးစက်မှု ပြင်းထန်တဲ့ ဂျကာတာမြို့တော်မှာ ဌာနေအစိုးရရုံးတစ်ရုံးက ကားပါကင်ကို ယာယီအလုပ်ရုံအဖြစ် ပြောင်းလဲပြီး ခေါင်းတလား ပြုလုပ်ပေးလျက် ရှိနေရာမှာ စေတနာအလျောက် ပါဝင်သူတွေကပါ ဝိုင်းဝန်းကူညီပြီး ခေါင်းတလားတွေ ပြုလုပ်ပေးနေကြပါတယ်။ 

စေတနာဝန်တွေအနေနဲ့ တစ်နေ့ကို အကြမ်းထည် အထပ်သား ခေါင်းတလားပေါင်း ၁၅ လုံးအထက်ကို ပြုလုပ်ပေးနိုင်ကြပါတယ်။ 

အခြားသော အလုပ်ရုံတစ်ခုမှာတော့ ဂျကာတာ အစိုးရကနေ အခမဲ့ ပေးဝေဖြန့်ဖြူးမယ့် ခေါင်းတလားတွေကို သယ်ဖို့ ဝန်ပိနေတဲ့ ဆေးရုံတွေက အရေးပေါ်ကားတွေနဲ့ ပစ်ကပ်ထရပ်ကားတွေ တန်းစီစောင့်ဆိုင်းနေတာကိုလည်း မြင်တွေ့ရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ထိခိုက်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အသည်းအသန် လိုအပ်နေတဲ့ အောက်ဆီဂျင် အထောက်အပံ့နဲ့ ကာကွယ်ရေးပစ္စည်းတွေကို သောကြာနေ့မှာ အိမ်နီးချင်း စင်ကာပူနိုင်ငံကနေ လက်ခံရရှိခဲ့ပါတယ်။ ဒီအတွက် မြို့အချို့မှာ တင်းကြပ်တဲ့ ကန့်သတ်တားမြစ်ချက်တွေ ချထားရတဲ့ နိုင်ငံတွင်းက သောကဖိစီးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် တစ်ထောင့်တစ်နေရာက အကူအညီ ဖြစ်စေမှာပါ။ 

လူနာတွေကို ပြုစုကုသနိုင်ရေး ရုန်းကန်နေရတဲ့ ဆေးရုံတွေမှာ တော်တော်များများက လူနာသစ်တွေ လက်မခံနိုင်တော့တာကြောင့် အများအပြားဟာ အိမ်မှာပဲ သေဆုံးကြရတာတွေ ရှိနေပါတယ်။ သောကဗျာပါဒ များရတဲ့ ဆွေမျိုးသားချင်းတွေမှာလည်း လူနာအတွက် အောက်ဆီဂျင် ရရှိရေး အသည်းအသန် လိုက်လံရှာဖွေရပေမယ့် အချည်းနှီးဖြစ်ရတာတွေလည်း ရှိနေပါတယ်။ 

စင်ကာနိုင်ငံကနေ အောက်ဆီဂျင်ဘူတွေ၊ အသက်ရှုစက်တွေ၊ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေနဲ့ အကာအကွယ်ဝတ်ရုံတွေကို လေတပ်လေယာဉ် နှစ်စင်းနဲ့ ဂျကာတာအရောက် တင်ပို့ပေးခဲ့တာ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

နောက်ထပ် အသက်ရှုစက် ၁၀၀၀ လည်း ဩစတြေးလျကနေ သောကြာနေ့မှာ ရောက်ရှိပြီး အင်ဒိုနီးရှားတာဝန်ရှိသူတွေကတော့ အောက်ဆီဂျင်နဲ့ အခြား ဆေးဝါးသုံးပစ္စည်းတွေ ပိုမို ဝယ်ယူဖို့ စီစဉ်လျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly