ရန်ကုန်မြန်မာ့အသံရုံးက ဝန်ထမ်း ၁၁ ဦးမှာ ကိုဗစ်ပိုးတွေ့

ရန်ကုန်မြန်မာ့အသံရုံးက ဝန်ထမ်း ၁၁ ဦးမှာ ကိုဗစ်ပိုးတွေ့

ဇူလိုင် ၁၀

ရန်ကုန်ရုံး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ဝန်ထမ်း ၁၁ ဦးမှာ ကူးစက်မြန်ရောဂါ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိထားတယ်လို့ ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောပါတယ်။

MRTV ရုံးအတွင်းမှာ ဖျားနာတဲ့သူ အရေအတွက် သိသိသာသာများလာတဲ့အတွက် မနေ့က (ဇူလိုင်လ ၉ ရက်) ပထမအသုတ်အနေနဲ့ ဝန်ထမ်း ၁၂ ဦးကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးကြည့်တဲ့အထဲ ၁၁ ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“ရုံးမှာ ဖျားတဲ့သူက တစ်ယောက်မဟုတ်၊ နှစ်ယောက် ဖျားတော့ များလာလို့ စစ်ဆေးမှ ရတော့မယ်ဆိုပြီးတော့ မနေ့က လူ ၁၂ ဦးကို စစ်တာ။ ၁၁ ဦးမှာ ကိုဗစ်တွေ့ပါတယ်” လို့ MRTV ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

အဲဒီလို ကိုဗစ်ပိုးတွေ့လူနာ ၁၁ ဦးကို ဒီကနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက အင်းယားစင်တာကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ အခုကိုဗစ်ပိုးကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ဆက်စက်သူတွေကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

“ဌာနကတော့ ပေါင်းစုံပါ။ အဓိက ဖျားတဲ့သူတွေကို လိုက်စစ်တာပါ။ မော်တော်ယာဉ်လည်းပါတယ်၊ စီမံလည်းပါတယ်” လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။

အခုကူးစက်ခံထားရသူ ၁၁ ဦးအနက် အမျိုးသမီး သုံးဦးပါဝင်ပြီး ကျန်သူတွေက အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရုံးတွင်း အသွားအလာကန့်သတ်လိုက်တာမျိုး မရှိသေးပေမယ့် ဂျူတီ သုံးဆိုင်းခွဲပြီး အလှည့်ကျ ရုံးတက်နေရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly