နမ့်ခမ်းရှိ စစ်ဘေးရှောင်စခန်းများ အဝင်အထွက် ကန့်သတ်.

နမ့်ခမ်းရှိ စစ်ဘေးရှောင်စခန်းများ အဝင်အထွက် ကန့်သတ်.
Photo: Lockdownချထားသည့်နမ့်ခမ်းမြို့ရပ်ကွက်တစ်ခု

ဇူလိုင် ၁၀

တရုတ်နိုင်ငံနှင့် နယ်စပ် နမ့်ခမ်းမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများပြားလာပြီးနောက် စစ်ဘေးရှောင်စခန်းများကို အဝင်အထွက် ကန့်သတ်ထားသည်။

" စစ်ရှောင်စခန်းမှာက ပိုးတွေ့သူမရှိသေးဘူး။ အချိန်မီတားဆီးနိုင်အောင် စခန်းအဝင်အထွက်ကို ကန့်သတ်ထားတယ်။ မနက် ဆယ်နာရီကနေ ညနေ သုံးနာရီအတွင်း  ဝင်ထွက်ခွင့် မပေးဘူး။ အဲ့ကာလကျော်ရင် ဈေးဝယ်ဖို့ တာဝန်ခံတစ်ဦးစီပဲ ထွက်ရမယ်" ဟု နမ့်ခမ်းမြို့ နေဝန်းနီစစ်ရှောင်စခန်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့တွင် ဇူလိုင် ၈ ရက်ညအထိ ကိုဗစ်ပိုးတွေ့လူနာ နှစ်ရာကျော်ရှိနေပြီး ဒေသခံလူမှုရေးအဖွဲ့များ၏ စာရင်းအရ သေဆုံးသူ ကိုးဦးရှိနေပြီဖြစ်သည်။ ပိုးတွေ့လူနာများ ရှိနေသည့် ရပ်ကွက်သုံးခုကိုလည်း Lockdown ချထားသည်။ 

" နမ့်ခမ်းဆေးရုံက ကုတင် ၁၀၀ ဆန့်။ လူနာက ၂၀၀ ကျာ်သွားပြီ။အပြင်မှာ မဏ္ဍပ်ထပ်ထိုးရပြီ" ဟု ကိုဗစ်လူနာများအား ကူညီပေးနေသူတစ်ဦးကပြောသည်။

နမ့်ခမ်းမြို့သည် ကချင်ပြည်နယ် မန့်ဝိန်းကြီးနှင့် မူဆယ်မြို့နှင့် ထိစပ်နေသလို တရုတ်နှင့် နယ်စပ်မြို့လည်း ဖြစ်သည်။ မူဆယ်မြို့တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ သုံးရာကျော်ရှိလာပြီး  အောက်ဆီဂျင်အိုး အလုံအလောက်မရ၍ အခက်တွေ့နေသည်ဟု ဒေသခံလူမှုရေးအဖွဲ့များကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly