အမေရိကန်တပ်များ အာဖဂန်မှ ရုပ်သိမ်းနေသောကြောင့် ရှင်ကျန်းဒေသတွင် အကြမ်းဖက်အုပ်စု ပြန်လည်လှုပ်ရှားလာမည်ကို တရုတ်စိုးရိမ်

အမေရိကန်တပ်များ အာဖဂန်မှ ရုပ်သိမ်းနေသောကြောင့် ရှင်ကျန်းဒေသတွင် အကြမ်းဖက်အုပ်စု ပြန်လည်လှုပ်ရှားလာမည်ကို တရုတ်စိုးရိမ်

အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းနေသောကြောင့် တရုတ်အနေဖြင့် ၎င်းတို့ နိုင်ငံအ တွင်း မတည်ငြိမ်မှုများ၊ အရှေ့တာကစ္စတန်အစ္စလာမစ်အဖွဲ့ (ETIM) ပြန်လည်လှုပ်ရှားခြင်း၊နယ်စပ် ဆူပူမှုနှင့် ရှင်ကျန်းဒေသတွင် အကြမ်းဖက်ဝါဒ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျှက်ရှိကြောင်း သုတေသီတစ်ဦးဖြစ်သူ ဆယ်လ်မန်ရာဖီရှိတ်ခ်က ပြောကြားသည်။

ETIM အဖွဲ့သည် အာဖဂန်တွင် လှုပ်ရှားနေသည့် ဝီဂါ လူမျိုးစုလက်နက်ကိုင်များဖြစ်ပြီး ရှင်ကျန်းဒေသကို အရှေ့တာကစ္စတန်အဖြစ် သတ်မှတ်ကာ ယင်းဒေသလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့သည် ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင်ခဲ့ကာ အတွေ့အကြုံပြည်ဝနေသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် အစ်ဒလစ်နှင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသများတွင် လှုပ်ရှားလျှက်ရှိသည်။ အဆိုပါ အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂက ၂၀၀၂ ခုနှစ်မှ စတင်သတ်မှတ်ခဲ့သည်။

ခိုင်လုံသည့် အထောက်အထားမရှိဟုဆိုကာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရက ETIM ကို အမေရိကန်၏ အကြမ်းဖက်အဖွဲ့အစည်း စာရင်းမှ ဖယ်ရှားခဲ့သည်။

Asia Times သတင်းဌာန၏ သဘောထားအမြင် ကဏ္ဍတွင် ဆောင်းပါးရှင် ရှိတ်ခ်က အမေရိကန်တပ်များ ရုပ်သိမ်းမှုကြောင့် အာဖဂန်တောင်ပိုင်း၌ တာလီဘန်တို့ လှုပ်ရှားမှု မြင့်တက်လာစဉ် အဆိုပါအဖွဲ့က ကဘူးလ်မြို့နှင့် အမေရိကန်က ကူညီထားသော အာဖဂန်အစိုးရအား အနိုင်ယူကာ ၎င်းတို့ မကြာခဏ ထုတ်ဖော်ထားသည့်အတိုင်း ‘အစ္စလာမစ်နိုင်ငံတော်’ ကို တည်ထောင်လိမ့်မည်ဟု ရေးသားထားသည်။

“တာလီဘန်တို့ အားကောင်းလာတဲ့အချိန်မှာ ETIM ကဲ့သို့ အဖွဲ့များက ဝီဂါလူငယ်များကို အဖွဲ့ဝင်အဖြစ် သိမ်းသွင်းရန်အခြေအနေတစ်ခု ဖြစ်လာနိုင်ကြောင်းနှင့် တရုတ်အစိုးရက ဝီဂါ အသက်မွေးဝမ်းကျောင်း ပညာသင်စခန်းများ၌ ပြုမူဆောင်ရွက်မှုများ၊ ရှင်ကျန်းဒေသတွင် မွတ်စလင်ဘာသာရေးထုံးတမ်းစဉ်လာများကို အာဏာသုံး ထိန်းချုပ်သည်ဆိုသော သတင်းများက ဝီဂါလူငယ်များ၏ စိတ်ထဲစွဲဝင်နေပြီဟု လေ့လာသုံးသပ်သူများနှင့် စောင့်ကြည့်သူများက ယုံကြည်ထားကြသည်” ဟု ဆောင်းပါးရှင် ရှိတ်ခ်က ရေးသားထားသည်။

ထို့ပြင် တရုတ်အစိုးရအနေဖြင့် အိမ်နီးချင်း အာဖဂန်ရှိ ဝီဂါမွတ်စလင်များအကြား လူမျိုးစွဲအယူအဆများ ပျံ့နှံ့သွားမည်ကို စိုးရိမ်သည်သာမကဘဲ ၎င်း၏ ပိုးလမ်းမသစ်စီမံကိန်းအပေါ် ပါကစ္စတန်အထိပါ ခြိမ်းခြောက်မှု ဖြစ်လာမည်ကို စိုးရိမ်လျှက်ရှိသည်။

တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် (CPEC) အပါအဝင် ပိုးလမ်းမ ကွန်ရက်ဟုခေါ်သည့် လမ်း၆ ခုအနက် ၄ ခုသည် ရှင်ကျန်းဒေသတွင် စတင်ခြင်းသို့မဟုတ် ဖြစ်သန်းခြင်းတို့ ပါဝင်သည်။ အဆိုပါ လမ်းများကို အသုံးပြုကာ တရုတ်အနေဖြင့် ရုရှား၊ အာရှတိုက် ဗဟို၊ တောင်ဖက်နှင့် အနောက်ဖက်တို့နှင့် ဆက်သွယ်ကာ မြေထဲပင်လယ်အထိ ချိတ်ဆက်ရန် ပြင်ဆင်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly