ဘန်ကောက်မှာ ကာဖျူးမိန့်ထုတ်တဲ့အပြင် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ထိုင်း ပိုတင်းကြပ် 

ဘန်ကောက်မှာ ကာဖျူးမိန့်ထုတ်တဲ့အပြင် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ထိုင်း ပိုတင်းကြပ် 
Photo - AFP

ဇူလိုင် ၁၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု မြင့်တက်တာကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေဟာ တင်းကြပ်တဲ့ ကန့်သတ်တားမြစ်ချက်တွေ ချမှတ်လာတာနဲ့အတူ မြို့တော် ဘန်ကောက်နဲ့ ပြည်နယ် ကိုးခုမှာ ညပိုင်း ခုနစ်နာရီ ကြာချိန်ကာလအတွင်း ညမထွက်ရအမိန့်ကိုပါ သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံမှာ ဧပြီလအတွင်းက စတင်တဲ့ ပြင်းထန်တဲ့ ကိုဗစ်တတိယလှိုင်းကို တိုက်ထုတ်နေရချိန် တစ်နေ့တာ စံချိန်တင် ကူးစက်မှုအဖြစ် လူ ၉၂၇၆ ဦး အသစ်ကူးစက်ပြီး သေဆုံးသူ ၇၂ ဦး ရှိခဲ့ပါတယ်။ 

သောကြာနေ့က နာရီအတော်ကြာ အစည်းအဝေးအပြီးမှာ အခု ကန့်သတ်စည်းမျဉ်းသစ်တွေကို အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းစဉ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကြေညာလာခဲ့တာပါ။ 

ည ၉ နာရီကနေ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရတဲ့ ကာဖျူးမိန့်ဟာ တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း အိမ်ကနေဘဲ အလုပ်လုပ်ကြရဖို့ ရှိပါတယ်။ 

အခု ကြေညာချက်ဟာ လူဦးရေ ဆယ်သန်းကျော်ရှိတဲ့ မြို့တော်အပြင် ဝန်းကျင်ပတ်လည်နဲ့ တောင်ပိုင်းပြည်နယ်တွေမှာ သက်ရောက်မှာပါ။ 

“မြင့်မားတဲ့ ကန့်သတ်တားမြစ်ချက်တွေကြောင့် အဲဒီ ဧရိယာမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အခက်အခဲဖြစ်မှာအတွက် ကျွန်မတို့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါဟာ ရောဂါထိန်းချုပ်နိုင်ရေးကို ထိထိရောက်ရောက် အားဖြည့်ပေးမှာပါ၊ ထိုင်းနိုင်ငံအနေနဲ့ အောင်ပွဲခံရပါမယ်”လို့ လုပ်ငန်းစဉ်အဖွဲ့ ပြောခွင့်ရအမျိုးသမီး အပီဆာမိုင်က ဆိုပါတယ်။ 

“မလိုအပ်ဘဲ ခရီးသွားလာမှုတွေကိုလည်း တားမြစ်သွားမယ်”လို့ သူက ပြောပါတယ်။ 

ညတိုင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေကို ၉ နာရီက စပြီး ပိတ်တာနဲ့အတူ ဒေသခံတွေအနေနဲ့လည်း လူ ငါးဦးထက် ပိုပြီး စုရုံးတာကို တားမြစ်ထားပါတယ်။ 

စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘဏ်တွေ၊ ဆေးဆိုင်တွေနဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေ ဆက်လက်ဖွင့်ထားနိုင်မှာ ဖြစ်ပေမယ့် ကျန်ဆိုင်တွေကတော့ ပိတ်ရမှာပါ။ ရှော့ပင်းမောလ်တွေကတော့ ၈ နာရီမထိုးခင် ပိတ်ကြရမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းက အစိုးရဟာ နိုင်ငံအနှံ့ ကာဖျူးမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပေမယ့် လူအစုအဖွဲ့တွေကြား များများစားစား ကူးစက်တာ မရှိဘဲ ၂၀၂၀ ရဲ့ ကာလအများစုကို ဖြတ်ကျော်နိုင်ခဲ့တာပါ။ 

နောက်နှစ်မှာတော့ ကူးစက်ဖြစ်ပွားမှုနှုန်းဟာ မြင့်တက်လာခဲ့ပြီး အစိုးရအနေနဲ့ နှေးကွေးတဲ့ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်တွေ၊ အကန့်အသတ် ရှိနေတဲ့ စမ်းသပ်စစ်ဆေးနိုင်စွမ်းတွေနဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေအပေါ် မေးခွန်းထုတ်တာတွေနဲ့အတူ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လို့ လာရပါတယ်။ 

ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာလည်း ၁၉၉၇ အာရှစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးဆုံး အခြေအနေကို ကြုံတွေ့ခံစားနေရပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly