ပုသိမ်မြို့မှာ တစ်ရက်အတွင်း ကိုဗစ်လူနာ ၁၃ဦး သေဆုံး

ဇူလိုင် ၉

ပုသိမ်မြို့မှာ COVID-19 ရောဂါကူးဆက်ခံရပြီး ဇူလိုင်လ ၈ ရက်နေ့ တရက်တည်းမှာပင် သေဆုံးသူ ၁၃ ဦးအထိရှိသည်ဟု ဒေသခံလူမှုကူညီဆယ်ရေးအသင်းအဖွ့ဲများ၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

သေဆုံးသူများတွင် အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီးခြောက်ဦးပါဝင်ကာ အချို့မှာ ပုသိမ်ဆေးရုံကြီး ကိုဗစ်-၁၉ ကုသဆောင်တွင်တက်ရောက်ကုသမှုခံယူနေကြသူများဖြစ်သော်လည်း ကွာရန်တင်းအဆောက်အဦနှင့် နေအိမ်တွင်သာနေခဲ့ကြရသူများပါဝင်သည်။ သေဆုံးသူများတွင် အသက် ၃၆ နှစ်မှသည် အသက် ၈၇ နှစ်အရွယ်အထိပါဝင်ကြသည်။

နေအိမ်တွင်သေဆုံးသူများကို ကျန်းမာရေးဌာနကစစ်ဆေးပြီး ကိုဗစ်-၁၉ ကြောင့်ဟု အတည်ပြုခဲ့သည်။ 

မြို့ခံလူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တစ်ခုက “မနေ့ကလည်း မီးသဂြိုလ်စက်က တစ်နေ့ကုန် သဂြိုလ်ရတယ်။ မြို့မှာက တနေ့ထက် တစ်နေ့ သေဆုံးတဲ့လူက ပိုများလာနေသလို့ပဲ “ ဟု ပြောသည်။

ဓာတ်ပုံ မနောဖြူ လူမှုကူညီရေးအသင်း

အကြမ်းဖက်စစ်ကောင်စီက ပုသိမ်မြို့ကို Stay at Home သတ်မှတ်ထားပြီး ဇူလိုင်လ ၇ ရက်နေ့မှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူရှစ်ဦးရှိခဲ့သည်။   

ပုသိမ်မြို့ရှိ မြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် လက်ရှိအချိန်ထိ ကိုဗစ် ကူးဆက်ပြန့်နှံ့သူများကို အဆောက်အဦအချို့မှာ ကွာရန်တင်း ဝင်ခိုင်းခြင်းနှင့် နေအိမ်မှာသာ ကွာရန်တင်းဝင်ဖို့ကို လုပ်ဆောင်နေကြသည်။ 

ဇူလိုင်လ ၁ ရက်နေ့မှစတင်သောမှတ်တမ်းများအရ တကျော့ပြန်ကိုဗစ်ကြောင့် ပုသိမ်တွင် သေဆုံးသူအရေအတွက်သည် ဇူလိုင် ၁၃ ရက်နေ့တွင် အမြင့်ဆုံးဖြစ်သည်။

ဇူလိုင်လ ၈ ရက်နေ့အထိ ကျန်းမာရေးနှင့်လူမှုရေးအသင်းအဖွ့ဲများ၏ထုတ်ပြန်ချက်များအရ ပုသိမ်မြို့မှာ ကိုဗစ်ကူးဆက်ခံရသူ အတည်ပြုလူနာ ၆၇၄ ဦးထိရှိနေပြီး၊ ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့် အသက်ဆုံးပါးခဲ့သူ ၃၇ ဦးထိ ရှိလာပြီဖြစ်သည်ကို မဇ္ဈိမက သိရှိရသည်။ 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၁ ရက်နေ့မှာစတင်ပြီး ကိုဗစ်ကြောင့် သေဆုံးမှု မြို့နယ်များမှာ ပုသိမ် မြို့တွင် ၃၇ဦး ၊ မြောင်းမြမြို့တွင် ငါးဦး ၊သာပေါင်းမြို့တွင် နှစ်ဦး ၊ ပန်းတနော်မြို့တွင် သုံးဦး ၊ ဓနုဖြူ ၊ မအူပင် ၊ ညောင်တုန်း ၊ ကန်ကြီးထောင့် ၊ ဟင်္သတ နှင် ကျိုက်လတ်တို့တွင် တစ်ဦးစီ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly