ဆော်ဒီအာရေးဗျရဲ့ မြို့တော်မှာ သစ်ပင်ပေါင်း ၇ သန်းခွဲ စိုက်ပျိုးမယ့် စီမံကိန်း လုပ်ဆောင်

ဆော်ဒီအာရေးဗျရဲ့ မြို့တော်မှာ သစ်ပင်ပေါင်း ၇ သန်းခွဲ စိုက်ပျိုးမယ့် စီမံကိန်း လုပ်ဆောင်
Photo - AFP

ဇူလိုင် ၉

ဆော်ဒီအာရေးဗျနိုင်ငံရဲ့ မြို့တော် ရီယက်ဒ်မှာ မြို့တော် စိမ်းလန်းသာယာလှပရေး ပရောဂျက် (Green Riyadh project) ရဲ့ တစိတ်တဒေသအဖြစ် သစ်ပင်ပေါင်း ၇ ဒသမ ၅ သန်း စိုက်ပျိုးပြီး ပန်းဥယျာဥ်တွေနဲ့ ပန်းခြံအသစ် ၃,၃၀၀ ကျော် ဖန်တီးသွားဖို့အတွက် လာမယ့် ဆယ်နှစ်ကျော်အတွင်း အာဏာပိုင်တွေက ဒေါ်လာ ၁၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

Green Riyadh ပရောဂျက်ကတော့ ရီယက်ဒ်မြို့ရဲ့ အပူချိန်ကို လျှော့ချဖို့နဲ့ လေထုအရည်အသွေး တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်တယ်လို့ ပရောဂျက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

အဆိုပါ Green Riyadh ပရောဂျက်မှာတော့ လာမယ့် ၂၀၃၀ မတိုင်မီ သစ်ပင်ပေါင်း ၇ ဒသမ ၅ သန်း စိုက်ပျိုးပြီးတော့ ပိုမို စိမ်းလန်းစိုပြည်ပြီး ဂေဟစနစ်ကို ပိုမိုအကျိုးပြုမယ့် မြို့ကြီးတစ်ခုအဖြစ် ဖန်တီးရေး ရည်ရွယ်ကြောင်း ပရောဂျက် ညွှန်ကြားရေးမှူး အဗ္ဘဒယ်လာဇစ် အယ်လ် မိုဘဲလ်က ပြောပါတယ်။

မြို့တွင်းမှာ မြို့ပြဥယျာဥ် ၃,၀၀၀ ခန့် ဖန်တီးဖို့ စီစဥ်ထားပြီး ယင်းတို့ဟာ လေထုနဲ့ ဖုန်မှုန့် ညစ်ညမ်းမှုကို လျှော့ချပြီး အရေးပါတဲ့ သဘာ၀ပတ်၀န်းကျင်နဲ့ ရာသီဥတု အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်မှာဖြစ်သလို လမ်းသွားလမ်းလာတွေကိုလည်း အရိပ်အာ၀ါသ ပေးနိုင်မှာဖြစ်ကြောင်း ပရောဂျက် စီစဥ်သူတွေက ပြောပါတယ်။

ယခုပရောဂျက်အတွက် ပညာရှင်တွေ အဓိက ရွေးချယ်ထားတဲ့ အပင်အများစုကတော့ အကေရှား (ထနောင်းမျိုး) ဖြစ်ပြီး ယင်းတို့ဟာ ဒေသရဲ့ မိုးနည်းတဲ့ ရာသီဥတုနဲ့ ကိုက်ညီပြီး ခံနိုင်စွမ်းရှိကြောင်း သိရပါတယ်။  သစ်ပင် ပင်ပျိုတွေ ထောက်ပံ့ပေးနိုင်ဖို့ ပျိုးခင်းတွေ စိုက်ပျိုးလျက် ရှိကြောင်းလည်း သိရပါတယ်။

ဒီ ပရောဂျက်အတွက် ရေပေးဖို့အတွက် နေ့စဥ် ရေ ကုဗမီတာ တစ်သန်းခန့် အသုံးပြုသွားမှာဖြစ်ပြီး ယင်းရေတွေကိုတော့ စွန့်ပစ်ရေတွေကို ပြန်အသုံးပြုမယ့် မြေအောက် ရေသွယ်စနစ်တစ်ခုကနေတဆင့် ပြန်ပြင်သုံးသွားမယ်လို့ သိရပါတယ်။

အဆိုပါ ပရောဂျက်က မြို့ရဲ့ အပူချိန်ကို ၁ ဒီဂရီ ဆဲလ်စီးယပ်စ်ကနေ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကူညီလျော့ကျစေလိမ့်မယ်လို့ အယ်လ် မိုဘဲလ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly