ဘင်္ဂလားဒေ့ရှ် စက်ရုံမီးလောင်မှုမှာ သေဆုံးသူ ၅၂ ဦးအထိ ရှိလာ 

ဘင်္ဂလားဒေ့ရှ် စက်ရုံမီးလောင်မှုမှာ သေဆုံးသူ ၅၂ ဦးအထိ ရှိလာ 
Photo - AFP

ဇူလိုင် ၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်ရုံတစ်ရုံ မီးအကြီးအကျယ် လောင်ကျွမ်းရာမှ မီးတောက်မီးလျှံတွေကြား ပိတ်မိနေတဲ့ အလုပ်သမား အနည်းဆုံး ၅၂ ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ 

အစားအစာ ထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုမှာ မီးတောက်တွေကြောင့် အသက်ဘေးအတွက် အပေါ်ထပ်တွေကနေ အလုပ်သမားတွေဟာ ခုန်ချကြပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိပါတယ်။ စက်ရုံမှာ မီး ဆက်လက်လောင်ကျွမ်းနေဆဲမှာပဲ ယောက်ယက်ခတ်နေကြတဲ့ ဆွေမျိုးသားချင်းတွေနဲ့ အခြားအလုပ်သမားတွေဟာ စက်ရုံအပြင်ဖက်မှာ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ 

စက်ရုံဝင်းတွေနဲ့  လူနေအဆောက်အအုံတွေမှာ သဘာဝဘေးတွေ ဖြစ်တတ်လို့ နာမည်ပျက်ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဘေးကင်းလုံခြုံမှု စံချိန်နဲ့ ပတ်သက်ပြီး အခု မီးဘေဟာ နောက်ဆုံး ဂုဏ်နွမ်းစေမှုလည်း ဖြစ်ပါတယ်။  

၂၀၁၉ ဖေဖော်ဝါရီလအတွင်းမှာလည်း ဒါကာမြို့တော်မှာ ဓာတုပစ္စည်းတွေ တရားမဝင် သို‌လှောင်ထားတဲ့ လူနေအဆောက်အအုံတစ်လျှောက် မီးကြီး လောင်ကျွမ်းရာမှာ အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ရပါတယ်။ 

အခု မီးလောင်မှုဟာ ဒါကာမြို့အပြင်ဖက် စက်မှုမြို့နယ် ရပ်ဂန်းက Hashem အစားအစာနဲ့ အဖျော်ယမကာစက်ရုံမှာ ကြာသပတေးနေ့ နေ့လယ်ပိုင်းက လေင်ကျွမ်းတာဖြစ်ပြီး ၂၄ နာရီနီးပါး ကြာတဲ့အထိ မီးကို ငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။ 

အစောပိုင်းက ရဲဌာနဟာ သေဆုံးသူ သုံးဦးပဲ ရှိတယ်လို့ ပြောပေမယ့် မီးသတ်သမားတွေ အထပ်အမြင့်ကို ရောက်ပြီး ပိတ်မိလို့ သေဆုံးကြတဲ့ အလုပ်သမားရုပ်အလောင်းတွေကို ဆွဲထုတ်လာချိန်မှာတော့ သေဆုံးနှုန်းဟာ သိသိသာသာ များပြားလာတာ ဖြစ်ပါတယ်။ 

လမ်းတွေပေါ်မှာ စောင့်ကြည့်နေကြသူတွေရဲ့ မချိတင်ကဲ အော်ဟစ်ငိုယိုသံတွေကြားမှာ ဆွဲထုတ်လာတဲ့ မီးလောင်ကျွမ်း ရုပ်အလောင်းတွေကို ရင်ခွဲရုံမပို့ခင် အရေးပေါ်ကားတွေကြားမှာ စုပုံထားရှိထားပါတယ်။ အနီးက လမ်းတွေကို ပိတ်ဆို့ပြီး တာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေတဲ့ လူရာပေါင်းများစွာကိုလည်း ရဲက လူစုခွဲယူနေရပါတယ်။ 

အဲဒီ ခြောက်ထပ် စက်ရုံမှာ မီး အလျင်အမြန် ကူးစက်လောင်ကျွမ်းတာကြောင့် အထပ်လွှာတွေကနေ ခုန်ချကြလို့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ရဲစုံစမ်းရေးမှူး ရှိတ်အစ္စလာမ်က ပြောပါတယ်။ ငါးလွှာနဲ့ ခြောက်လွှာမှာ လောင်နေဆဲ မီးကို အရေးပေါ်ဌာနတွေက ငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းနေရလျက် ရှိပါတယ်။ စက်ရုံရဲ့ ခေါင်မိုးပေါ်ကနေ လူ ၂၅ ဦးကို မီးသတ်သမားတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ 

“မီး ငြိမ်းသွားရင်တော့ အတွင်းထဲမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေ ကျွန်တော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ အဲဒီကျမှ နောက်ထပ် သေဆုံးပျက်စီးရတာကို အတည်ပြုနိုင်မှာပါ”လို့ မီးသတ်ဌာန ပြောခွင့်ရသူ ဘတ်ဒ်ဟန်းက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly