ကြယ်ဂေါင်မှာ မြန်မာတွေကို ကိုဗစ်-၁၉ စစ်ဆေး

ဇူလိုင် ၉

တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့ထဲတွင် ရှိနေသောမြန်မာများကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိ မရှိ ဆေးစစ်မှုကို ယနေ့နံနက်ကစ၍ ပြုလုပ်ပေးနေသည်။

တရုတ်အစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားများရှိနေသော ယူနန်ပြည်နယ် ကြယ်ဂေါင်မြို့တွင်နေထိုင်သူအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ စစ်ဆေးရာ မြန်မာများလည်း ဆေးစစ်ခံရသည်။ 

" မြန်မာရော တရုတ်ရော အကုန်စစ်တာ။  စစ်တာက မကြာပါဘူး ။ QR Scan ဖတ်လိုက်တာ ပိုမြန်တာပေါ့။ စာရင်း ခဏ ခဏ ပြန်ရေးစရာ မလိုတော့ဘူးပေါ့ ၊ သူတို့ Computer ထဲမှာ စာရင်းရှိပြီသား" ဟု ယနေ့ နံနက်အစောပိုင်းက ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရသည့် မြန်မာတစ်ဦးကပြောသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်တဘက်ကမ်းရှိ တရုတ်နယ်စပ်မြို့တွင် မြန်မာတစ်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးတို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းတွေ့ရှိခဲ့ပြီးနောက် ဆေးစစ်မှုပေါ်လာခဲ့သည်။ 

ထို့အပြင် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုရှိနေခဲ့သည့် နယ်စပ်ဂိတ်နှစ်ခုကိုလည်း ယာယီပိတ်လိုက်ပြီဟု မူဆယ်အခြေစိုက် သစ်သီးပွဲရုံအချို့က ပြောသည်။

မူဆယ်ဘက်ခြမ်းတွင်လည်း ကိုဗစ်ပိုးတွေ့လူနာများပြားနေပြီး ယနေ့ စစ်ဆေးမှုအရ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် နယ်စပ်ကုန်သွယ်ရေးဌာနမှ အရာရှိအချို့နှင့်ဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရသည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့များကပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly