ဘင်္ဂလားဒေ့ရှ် စက်ရုံမီးလောင်မှု လူ ၂ ဦး သေဆုံး၊ ဒါဇင်များစွာ ပျောက်ဆုံးနေဟု ဆို

ဘင်္ဂလားဒေ့ရှ် စက်ရုံမီးလောင်မှု လူ ၂ ဦး သေဆုံး၊ ဒါဇင်များစွာ ပျောက်ဆုံးနေဟု ဆို
Photo - AFP

ဇူလိုင် ၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ အစားအသောက်စက်ရုံတစ်ရုံမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အလုပ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။

အဆိုပါ စက်ရုံမီးလောင်မှုကြောင့် လူဒါဇင်များစွာ ပျောက်ဆုံးနေတယ်လို့လည်း ဆွေမျိုးတွေက ပြောပါတယ်။

ရပ်ဂန်နီစက်မှုမြို့မှာ တည်ရှိတဲ့ ခြောက်ထပ်အဆောက်အအုံ စက်ရုံမှာ လောင်ကျွမ်းတဲ့ မီးကို ငြှိမ်းသတ်နိုင်ဖို့ မီးသတ်သမားတွေဟာ နာရီများစွာနဲ့ကြာ ကြိုးပမ်းနေခဲ့ကြရပါတယ်။

“ဒီကို ကျွန်တော်တို့ ချက်ချင်းပြေးလာခဲ့ကြရတယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော့်တူမလေးဆီ ဖုန်းခေါ်ကြည့်တော့ သူဘက်က ပြန်မဖြေခဲ့ဘူး၊ ခု သူ့ဖုန်းက ၀င်တောင် မ၀င်တော့ဘူး၊ ကျွန်တော်တို့ အင်မတန် စိုးရိမ်ပူပန်နေရတယ်” လို့ ပျောက်ဆုံးအလုပ်သမားတစ်ဦးရဲ့ ဆွေမျိုးသားချင်းတစ်ဦးဖြစ်တဲ့ နက်ဇ်ရူလ် အစ္စလမ်က ပြောပါတယ်။

“တတိယအထပ်က လှေကားနှစ်ခုလုံးမှာ တံခါးပေါက်တွေ ပိတ်ထားခဲ့ပါတယ်၊ အထဲမှာ လူ ၄၈ ယောက်လောက် ရှိနေတယ်လို့ အခြား လုပ်ဖော်ကိုင်ဘက်တွေက ပြောပါတယ်၊ အဲဒီအတိုင်းသာ တကယ်မှန်တယ်ဆိုရင် သူတို့တွေရဲ့ အလောင်းတွေ ရှာတွေ့နိုင်မှာတော့ မဟုတ်ပါဘူး” လို့လည်း မီးလောင်မှုကနေ လွတ်မြောက်လာခဲ့တဲ့ စက်ရုံလုပ်သားတစ်ဦးဖြစ်တဲ့ မိုဟာမက် ဆိုင်ဖူးက ပြောပါတယ်။

“ကျွန်တော်တို့ မီးသတ်သမားတွေဟာ ကနဦးပိုင်းမှာ အမိုးပေါ်ကနေ လူ ၂၅ ယောက်ကို ကယ်ဆယ်ပေးခဲ့ရပါတယ်၊ မီးထိန်းနိုင်တာနဲ့ တပြိုင်နက် ကျွန်တော်တို့ အတွင်းဘက်မှာ ရှာဖွေကယ်ဆယ်မှုတွေ လုပ်သွားမှာပါ၊ အဲဒီအခါကျမှပဲ နောက်ထပ် သေပျောက်ဆုံးရှုံးမှုတွေကို ကျွန်တော်တို့ အတည်ပြုပေးနိုင်ပါလိမ့်မယ်” လို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဒီဘာရှီး ဘာ့ဒ်ဟန်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly