လပွတ္တာမြို့မှာ အသက်၅၀အောက် ကိုဗစ်လူနာတွေကို အိမ်ပြန်လွှတ်

လပွတ္တာမြို့မှာ အသက်၅၀အောက် ကိုဗစ်လူနာတွေကို အိမ်ပြန်လွှတ်
ဓာတ်ပုံ- နှလုံးသားလူမှုကူညီရေးအသင်း

ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊လပွတ္တာမြို့မှာ ကိုဗစ် ၁၉ အတည်ပြုလူနာတွေကို ထားဖို့နေရာ မလုံလောက်တဲ့အတွက် အသက်၅၀အောက်လူနာတွေကို နေအိမ်တွေကို ပြန်လွှတ်နေရပါတယ်။

လပွတ္တာမြို့မှာ အတည်ပြုလူနာ ၈၀ကျော်ထိရှိလာပြီး လူနာတွေကို ဆေးဝါးကုသမှုပေးတာနဲ့ အစားအသောက်နေရာထိုင်ခင်း စီစဉ်ပေးတာကအစ လုံလောက်မှုမရှိတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

“အောက်ဆီဂျင် (SPO2)-93 အောက်ကျတဲ့ အသက်(၅၀) အထက်လူနာတွေကိုပဲ ကိုဗစ်စစ်ဆေးပြီး ကုပေးတော့မယ်၊ အသက် ၅၀အောက်ဆိုရင် မစစ်ပေးဘူး ကိုယ့်ဘာသာ အိမ်မှာပဲနေ ဆေးလိုရင်ပြောဆိုပြီး ဆေးရုံက သတ်မှတ်တယ်ဆိုတာ ကျွန်တော့်ကိုလည်း လာပြောကြတယ်၊ Qတွေမှာမပြောနဲ့ ဆေးရုံမှာတောင် နေရာသေချာမပေးနိုင်တော့ဘူး။ အစားအသောက်မပေးနိုင်တော့ဘူး၊ ကျွန်တော်တို့ လုပ်ပေးခဲ့တုန်းက Qတွေမှာဆိုလည်း မပူရဘူး၊ ပညာရေးဝန်ထမ်းတွေအားရော လူမှုရေးအဖွဲ့တွေအားရောနဲ့ လုပ်ပေးခဲ့တာ၊ ဒီဖက်ဆစ်စစ်တပ်က အာဏာပဲရူးတာ ကျန်တာအကုန်ဖြစ်ချင်ရာဖြစ် ပစ်ချထားတာ”လို့ ကိုဗစ်ဒုတိယလှိုင်းအထိ Volunteer လုပ်ပေးခဲ့တဲ့ လပွတ္တာမြို့ခံ CDM ကျောင်းဆရာတစ်ဦးကပြောပါတယ်။

လပွတ္တာမြို့မှာ ကိုဗစ်အတည်ပြုလူနာတွေကို ထားရှိထားတဲ့ ဆေးရုံကြီးနဲ့ စည်ပင်ဧည့်ရိပ်သာမှာ ကိုဗစ်အတည်ပြုလူနာထားရှိနိုင်တဲ့ အရေအတွက်ထက်ကျော်လွန်နေပြီး ကိုဗစ်လူနာတွေကို ထားဖို့နေရာမရှိတော့ဘဲ စစ်ကောင်စီဘက်က နေရာ ရှာဖွေသတ်မှတ်ပေးခြင်းလည်း မရှိသေးပါဘူး။

လပွတ္တာမြို့က ကိုဗစ်၁၉အတည်ပြုလူနာတွေအနက် ထက်ဝက်ခန့်ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly