ပါကစ္စတန်အနေဖြင့် နယ်ချဲ့ဝါဒကို မကြောက်သင့်ဟု တရုတ်ကောင်စစ်ဝန်ပြောကြား

By thenews.com
08 July 2021
ပါကစ္စတန်အနေဖြင့် နယ်ချဲ့ဝါဒကို မကြောက်သင့်ဟု တရုတ်ကောင်စစ်ဝန်ပြောကြား

ပါကစ္စတန်နိုင်ငံ၊ လာဟိုမြို့ရှိ တရုတ်ယာယီကောင်စစ်ဝန် ပန်ကျန်းဝူ က ပါကစ္စတန်အနေဖြင့် နယ်ချဲ့ဝါဒကို မကြောက်သင့်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်၏ အချုပ်အခြာအာဏာ၊ နယ်မြေဂုဏ်သိက္ခာရှိမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်နှင့် အခြေခံအဆောက်အဦများ တည်ဆောက်ရေးတို့သည် တရုတ်အတွက် ထိပ်တန်း ဦးစားပေးဖြစ်ပြီး ခက်ခဲသည့်အချိန်များတွင် တရုတ်က ပါကစ္စတန်နှင့်အတူ ရပ်တည်ခဲ့ကြောင်း သူက ထည့်သွင်းပြောကြားသည်။

နိုင်ငံတကာဆက်ဆံရေးနှင့် မီဒီယာသုတေသနအင်စတီကျူက ကြီးမှုးပြီး ဇူလိုင်လ ၄ရက်က လားဟိုးရှိ ဟိုတယ်တစ်ခုတွင် ကျင်းပခဲ့သော '' CPC နှစ် ၁၀ဝ ပြည့် နှင့် ပါကစ္စတန် - တရုတ်သမိုင်းဇာတ်ကြောင်း” အမည်ရှိ နှီးနှောဖလှယ်ပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောရာစုနှစ် ပါတီတည်ထောင်ခဲ့သည့်အချိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) တွင် အဖွဲ့ဝင် ၅၀ ကျော်သာရှိခဲ့ကြောင်း ပန်ကျန်းဝူက ဆိုသည်။

“ ဒီနေ့အချိန်မှာတော့ လူဦးရေ ၁.၄ ဘီလီယံကျော်ရှိတဲ့ နိုင်ငံမှာ အဖွဲ့ဝင် ၉၅ သန်းကျော်ရှိပြီး ကမ္ဘာမှာ အကြီးမားဆုံးအာဏာရပါတီကြီးဖြစ်နေပါပြီ။ နိုင်ငံတကာမှာလဲ သြဇာအလွန်ကြီးနေပါပြီ” ဟု သူက ထပ်လောင်းဆိုသည်။

အခမ်းအနားတွင် နိုင်ငံတကာဆက်ဆံရေးနှင့် မီဒီယာသုတေသနအင်စတီကျူ၏ သဘာပတိ မိုဟာမက် မက်ဒီ၊ ဥက္ကဌ ဟာဘစ်ခန်၊ ပါမောက္ခ အမ်ဂျက်ဒ် မက်စီအပါအဝင် ပုဂ္ဂိုလ်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။

“ CPC ရဲ့ ကျေးဇူးကြောင့် တရုတ်လူမျိုးတွေက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူ့အဖွဲ့အစည်းနဲ့ ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်တွေ ဖြစ်လာပါတယ်။ ၁၉၇၈ ခုနှစ် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ချိန်က စပြီး ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကြိုးပမ်းမှုရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ လူဦးရေ သန်း ၇၇၀ ဆင်းရဲနွမ်းပါးကနေ လွတ်မြောက်လာခဲ့ရပါတယ်။ ကုလသမဂ္ဂထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်” ဟု သူက ဆိုသည်။

၂၀၂၁ခုနှစ်သည် တရုတ် - ပါကစ္စတန် သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်နှစ် ဖြစ် သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly