ပုသိမ်မြို့မှာ တစ်ရက်တည်း ကိုဗစ်လူနာ ၈ဦးသေဆုံး

ဇူလိုင် ၈

Stay at Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ ကိုဗစ်၁၉ ကူးစက်နှုန်းမြင့်တက်နေပြီး ဇူလိုင်လ ၇ရက်နေ့ တစ်ရက်တည်း ကိုဗစ်လူနာ ရှစ်ဦးအထိ သေဆုံးခဲ့ပါတယ်။

ပုသိမ်ဆေးရုံ ပြင်ပလူနာဌာနမှာတက်ရောက်နေတဲ့ ကိုဗစ် ကူးစက်ခံထားရတဲ့ ဥမ္မာဒန္တီရပ်ကွက်က အသက်၇၀အရွယ်အမျိုးသားတစ်ဦး၊ကိုးသောင်းရပ်ကွက်က အသက်၃၃နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ စိန်ကုန်းရပ်ကွက်က အသက်၅၄နှစ် အရွယ်အမျိုးသားတစ်ဦး၊ ရေအိုးစဉ်ရပ်ကွက်က အသက်၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး၊မရမ်းချိုလမ်းက အသက်၅၀အရွယ် အမျိုးသမီးတစ်ဦး၊ ရှင်ပင်ဘုန်းပွင့်လမ်းက အသက်၆၄နှစ်အရွယ်အမျိုးသမီးတစ်ဦး တို့အပါအ၀င် ကိုဗစ်ကုသဆောင်က အသက်၆၄နှစ်အရွယ် မရမ်းချိုရပ်ကွက်ကအမျိုးသမီးတစ်ဦးနဲ့ဥမ္မာဒန္တီရပ်ကွက်ကအသက်၆၅နှစ်အရွယ်အမျိုသားတစ်ဦးတို့သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ-မနောဖြူလူမှုကူညီရေးအသင်း

“ပုသိမ်က လုံးဝမနိုင်တော့ပါဘူး ၊မနောဖြူအဖွဲ့ဆို တစ်နေကုန်မနားရဘူး။ ဒီနေ့ မီးသဂြိုလ်စက်တောင် နှစ်လုံးစလုံး တပြိုင်ထဲလည်နေရတယ်၊ အနံ့ပျောက်လူနာတွေအကုန် စစ်မပေးနိုင်တော့ဘူး၊ Pထွက်တဲ့ လူနာတွေကိုတောင် ရောဂါအခံမရှိရင် အိမ်တွေကိုပြန်လွှတ်တဲ့အထိဖြစ်နေပြီ”လို့ ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၆ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ ပုသိမ်မြို့မှာ ကိုဗစ်၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ ၆၇၄ဦးထိရှိနေပြီး၊ ဇူလိုင်လ ၇ရက်နေ့အထိ ကိုဗစ်၁၉နဲ့ အသက်ဆုံးပါးခဲ့သူ ၂၄ဦးထိ ရှိလာပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly