သက်န်းကျွန်း အထက(၁) ကျောင်းဆရာမနှင့် ကျောင်းသား ၉ဦး ကိုဗစ်ကူးစက်ခံရ

သက်န်းကျွန်း အထက(၁) ကျောင်းဆရာမနှင့် ကျောင်းသား ၉ဦး ကိုဗစ်ကူးစက်ခံရ

ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အထက်တန်းပြဆရာမတစ်ဦးနှင့် ကျောင်းသား ကိုးဦး ကိုဗစ်ကူးစက်ခံရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့ ညနေ၅နာရီခန့်က အဆိုပါကျောင်းထဲမှ ဆေးရုံကားတစ်စီးထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်ဟု အဆိုပါအနီးအနားနေထိုင်သူများက ဆိုသည်။

"ဒီနေ့က အဲ့နားမှာ ရုတ်ရုတ်တွေ ဖြစ်နေတာ။ လာကြိုတဲ့မိဘတွေနဲ့ အဲ့က ကျောင်းကလူတွေ စကားများနေကြတာ။ အစက ဘာဖြစ်မှန်းမသိ နောက်မှ အဲ့မှာကိုဗစ်တွေ့လို့ ဆိုပြီး ကြားတာပဲ''ဟု ဒေသခံတစ်ဦးက ပြော သည်။ 

အဆိုပါ အထက(၁ )ကျောင်းအုပ်ထံသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းမှာ ကျောင်းအုပ်မဟုတ်သည့်အတွက် မသိရှိကြောင်းပြောဆို၍ နောက်တစ်ကြိမ် ပြန်လည် ဆက်သွယ်ရာတွင် ၎င်းဖုန်းကို စက်ပိတ်သွားသည်။ 

လက်ရှိတွင် ကိုဗစ်ဖြစ်ပွားမှုများ ပြန့်နှံ့လာသဖြင့်ကျောင်းများကို ပြန်လည်ပိတ်ရန် ညွှန်ကြားချက်မရောက်သော်လည်း ၎င်းတို့ကျောင်းကို ကျောင်းအုပ်သဘောဖြင့် ပြန်လည်ပိတ်ခဲ့ရသည်ဟု အမည်မဖော်လိုသူ ဆရာမတစ်ဦးက ဆိုသည်။

" အစ်မတို့ကျောင်းက ပိတ်ထားတာကြာပြီ။ ညွှန်ကြားချက်ရောက်လို့တော့ မဟုတ်ဘူး။ ကိုဗစ်တွေ ပြန်ဖြစ်နေကတည်းက ကျောင်းအုပ်က မလာနဲ့တော့လို့ ပြောတာ။ ကျောင်းဖွင့်လည်း ကျောင်းလာတက်တဲ့ ကလေးက ဆယ်ယောက်တောင် မကျော်ဘူးလေ''ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကျောင်းတက်ရောက်ခဲ့သည့် ကိုဗစ်ဆက်စပ်သူများကြောင့် ရောဂါထပ်မံပြန့်နှံလာမည်ကို စိုးရိမ်ကြောင်း အဆိုပါအနီးအနားနေထိုင်သူများက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly