နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဇူလိုင် ၂၀၂၁)
(Photo : : AFP - ဇွန်လ ၇ ရက် ၊ မန္တလေးမြို့ရှိ ဒေသခံပြည်သူများ၏ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း )

ရန်ကုန်တိုင်းဒေသကြီး

 

• အင်းစိန်အကျဉ်းထောင်တွင် ကိုဗစ်ကူးစက်မှုများ မြင့်မားနေသည့်အတွက် ထောင်အဝင်အထွက် ကန့်သတ်ကာ Lockdown ချထားလိုက်ပြီ ဖြစ်သည်။

 

• ရန်ကုန် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း - YESC မှာ စစ်အုပ်စုအသုံးစရိတ်အတွက် အခွန်ကောက်ပေးရာတွင် ပါဝင်နေပြီး အဆိုပါလုပ်ရပ်များ ရပ်တန့်ရန်နှင့် မရပ်တန့်ပါက မလိုလားအပ် သောထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ - ဖ.ဆ.လ.တ က ကြေညာထားသည်။ 

 

• ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့ ပူးပါင်းထားသည့် Yangon Urban Guerrillas – YUG ကလည်း ယာဉ်ထိန်းရဲရုံးနှင့် လျှပ်စစ်ဝန်ထမ်းများအား စစ်အုပ်ချုပ်ယန္တရားလည်ပတ်ရေးအတွက် လုပ်ဆောင်နေမှုများအား ရပ်တန့်ရန်နှင့် နေရာခြောက်ခုတွင်လည်း သတိပေးဖောက်ခွဲမှု ပြုလုပ်ပြထားပြီးဖြစ်၍ ဆက်လက်လုပ်ဆောင်ပါက အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်ကို အာမခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ 

 

• ရန်ကုန်မြို့ လူစည်ကားရာ မဟာဗန္ဓုလလမ်းမကြီးများပေါ်တွင် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကာ လူအင်အား ၁၀၀ ခန့်ဖြင့် ယနေ့နံနက်ပိုင်းက "ဆဲဗင်း ဇူလိုင်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ"၊ "စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကြီးများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

 

• သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း သုဝဏ္ဏလူငယ်များ သပိတ်စစ်ကြောင်းနှင့် မြို့ခံလူငယ်များက ပြောက်ကျားသပိတ်ပြုလုပ် ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

 

• စစ်အုပ်စုဘက်က ရန်ကင်းမြို့နယ်တွင်းရှိ အသွားအလာများရာ လမ်းဆုံမီးပွိုင့်များတွင် စောင့်ကြည့်ရေးကင်မရာ CCTV များ လိုက်လံတပ်ဆင်လျက်ရှိသည်။ 

 

• တောင်ဥက္ကလာပမြို့နယ်တွင် စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်ဌာနဝန်ထမ်းများက မီတာခများ ပေးဆောင်ကြရန်အတွက် လိုက်လံဆော်သြလျက်ရှိသည်။ 

 

• စမ်းချောင်းမြို့နယ်၊ သီရိလမ်းရှိတွင် နေ့လယ် ၁ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက လမ်းရှိ နေအိမ်တစ်ခုအား ဝင် ရောက်စီးနင်းကာ လူတစ်ဦးအား ဖမ်းဆီးသွားသည့်အပြင် နေအိမ်ရှိ ပရိဘောဂများကိုလည်း သိမ်းဆည်းသွားသည်ဟု သိရသည်။ 

• စစ်အုပ်စုချုပ်ကြေညာထားသည့် ရွှေပြည်သာမြို့နယ်တွင် စစ်အုပ်စုက ပြည်သူပိုင်လမ်းများအား ပိတ်ဆို့ကာ ဆိုက်ကယ်များအား ဖမ်းဆီးခြင်း၊ စီးနင်းသူများအား ရိုက်နှက်ခြင်း၊ သေဆုံးသည်အထိ ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဆက်လက် ပြုလုပ်၍ လူသေဆုံးသည်အထိ ပစ်ခတ်မှုများ လုပ်ဆောင်နေဦးမည်ဆိုပါက ဝင်ရောက်စီးနင်းတိုက်ခိုက်မည်ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့က ယနေ့နေ့စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။ 
• စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဌာနက ရန်ကုန်နှင့် အနီးတဝိုက်တွင် ဖမ်းယူနားဆင်နိုင်မည့် "သပြေ-ရေဒီယို" ထုတ်လွှင့်မှုကို ဇူလိုင်လ ၁၁ ရက်တွင် စတင်ထုတ်လွှင့်ရန် ပြင်ဆင်နေပြီး သတင်းတု၊ သတင်းမှားများအား ပြန်လည်ဖြေရှင်းမည် သတင်းမှန်ပြန်ကြားခြင်းကဏ္ဍ ပါဝင်မည်ဟု ထုတ်ပြန်ထားသည်။ 

• အင်းစိန်မြို့နယ်တွင်လည်း ကျောင်းသားလူငယ်များက ဆဲဗင်းဇူလိုင် ၅၉ နှစ်မြောက် အထိမ်းအမှတ်နေ့တွင် မြို့နယ်တွင်း လမ်းများပေါ် ချီတက်၍ ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မီတာခမဆောင်ဟုဆိုကာ မီးလိုက်ဖြတ်မှုများ ရှိခဲ့သည့် တာမွေမြို့နယ်တွင် ယနေ့ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က တာမွေလျှပ်စစ်ရုံး၌ ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုများအပြီးတွင် စစ်အုပ်စုလက်နက် ကိုင်များက တာမွေမြို့နယ်အတွင်း လမ်းဆုံနေရာများ၌ အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကြပ်မှုများပြုလုပ်ခဲ့သည်။ 

• တာမွေမြို့နယ်တွင်လည်း ယနေ့ညနေပိုင်းက ရန်ကုန်မြို့ပေါ် သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ "၇.၇.၆၂ မေ့ကြနဲ့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒပြမှုတွင် စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ လှိုင်သာယာသပိတ်စစ်ကြောင်းတို့အပြင် ပြည်သူများလည်း ပါဝင်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် သရုပ်ဖော်ဆန္ဒထုတ်ဖော်ကာ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ မန်းတပ်ပေါင်းစုတွင် စိန်ပန်း၊ သမဝါယမတက္ကသိုလ်၊ သံဃသမဂ္ဂ၊ တမ္ပဝတီ၊ မန္တလာတက္ကသိုလ်ကျောင်းသားများ သပိတ်စစ်ကြောင်းတို့ ပါဝင်သည်။ 

 

• မန်းအခြေစိုက် တကသများ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မိုးရွာသွန်းသည့်ကြားကပင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ချမ်းအေးသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ အဖွံဝင်များကလည်း ယနေ့နံနက်ပိုင်းတွင် ဆဲဗင်းဇူလိုင် အရေးအခင်း ၅၉ နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ခြင်းအခမ်းနား ပြုလုပ်ခဲ့သည်။ 

• “၇.၇.၆၂ မမေ့ကြနဲ့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မန္တလာတက္ကသိုလ်ကျောင်းသား/သူများသပိတ် စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန်း ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် "၇.၇.၆၂ မမေ့ကြနဲ့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အားအများအပြားဖြင့် လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းမြတောင် သပိတ်စစ်ကြောင်းနှင့် ကျောက်မျက်ရတနာကုန်သည်/ပွဲစားသပိတ်စစ်ကြောင်းတို့ကလည်း ယနေ့ နေ့လယ်ပိုင်းတွင် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ မတရားဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။ 

• မန်းအခြေစိုက် တကသသပိတ်စစ်ကြောင်းကလည်း မြို့လယ် ၃၅ လမ်းမကြီးပေါ်ထိ တက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

 

• စစ်အုပ်စုခန့် မန်းမြို့တော်ဝန် ဦးကျော်ဆန်း၏ နေအိမ်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး၌ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ကာ နေအိမ်အား စည်ပင်ဘတ်ဂျက်သုံးငွေဖြင့် ပိုးသတ်ဆေးဖြန်းမှုများ ပြုလုပ်ထားသည်ဟု သိရသည်။ 

• မြင်းခြံနည်းပညာကောလိပ်ကျောင်းသားသမဂ္ဂ – ဗကသအဖွဲ့ချုပ်နှင့် ပြည်သူများကလည်း ယနေ့နံနက်ပိုင်းက လူစည်ကားရာ စျေးနှင့် လမ်းဆုံများတွင် ဆဲဗင်းဇူလိုင်စိတ်ဓာတ်ကိုင်စွဲကာ တိုက်ပွဲဝင်ကြရန် နှိုးဆော်တိုက်တွန်းကာ စစ်အာဏာရှင် စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာအနီး ရွှေပေါ်ကျွန်းကျေးရွာမှ ဒေသခံ လေးဦးနှင့် မြင်းခြံ-ညောင်ဦးလမ်းဘေး ထနောင်းတိုင်ကျေးရွာဘက်လမ်းအချိုးအနီးရှိ ပျိုးပင်အရောင်းဆိုင်မှ ခြံပိုင်ရှင်အပါအဝင် ခုနစ်ဦးကို စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားသည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့၊ ရွာဘဲနယ်မြေ၊ စက်မှုကွက်သစ်၊ဦ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနေအိမ်အား စစ်အုပ်စုလက်နက်ကိုင်များက နှစ်ကြိမ်လာရောက်ကာ လုံခြုရေးယူ၍ အိမ်တွင်းရှိ ပစ္စည်းများအား သိမ်း ယူသွားသည်။ 

• ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ လူငယ်များကလည်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ်နေ့ဖြစ်သည့် ယနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

 

• ပြည်မြို့ အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများကလည်း မြို့ပေါ်၌ ပြောက်ကျားသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အာဏာရှင်အား တွန်းလှန်တိုက်ပွဲဝင်ရာတွင် ပိုမိုတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပဲခူးပြည်သူ့ကာကွယ်ရေးတပ် - BDF ၏ တပ်မဟာ (၂) ကို အင်အားတိုးချဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း BDF က ယနေ့ နေ့စွဲဖြင့် ကြေညာထားသည်။ 

• ပဲခူးမြို့ ကျုံးရိုးတွင် ယနေ့နံနက်ပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ ဗီနိုင်းချိတ်ဆွဲထားရာ စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖြုတ်ယူစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ခြင်းမှာ မိမိတို့ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း People Defence Force – Bago က ယနေ့နံနက်ပိုင်းတွင် ကြေညာထားသည်။ 

• ပဲခူးတိုင်းတွင်းရှိ ပြည်၊ တောင်ငူနှင့် ပဲခူးတို့တွင် ကိုဗစ်ကူးစက်မှု မြင့်မားလာ၍ Stay at Home အဖြစ် ယနေ့မှ စ၍ ကြေညာထားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• တန့်ဆည်မြို့၊ ရွာသာကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ ချောင်းရိုး-ရွာသာသွားလမ်းပေါ်တွင် ဖွင့်ထားသည့် ကိုဗစ်စစ်ဆေး ရေးဂိတ်တွင် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကယ်စီးလာသူ လူငယ်တစ်ခုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် ဦးတင်မြင့် ဆိုသူ သေဆုံးခဲ့ကာ ဂိတ်အနီးရှိ ၎င်း၏ နေအိမ်သို့လည်း ဝင်ရောက်ပစ်ခတ်ရာ သမီးဖြစ်သူနှင့် တူဖြစ်သူတို့ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့သည်ဟု သိရသည်။ 

• ရွှေဘိုမြို့နယ် တအုံကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က ဝက်သဲကျေးရွာတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင် ဦးတင်ထွန်းမှာ တအုံရွာရှိ သားဖြစ်သူ လာရောက်စဉ် ဆိုင်ကယ်တစ်စီးပေါ်မှ အနားကပ်၍ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကာ ၎င်းမှာ စစ်အုပ်စုနှင့် အဆက်အသွယ်ရှိကာ ပျူစောထီးအဖွဲ့ဝင်ဟုလည်း သတ်မှတ်ခံထားရသူ ဖြစ်သည်။ 

• ကနီမြို့နယ်တွင်းရှိ ကျေးရွာတစ်ခုတွင် ယမန်နေ့ နေ့လယ်ပိုင်းက စစ်အုပ်စုဘက်က ပစ်ခတ်ခဲ့ပြီးနောက် မပေါက်ကွဲဘဲ ကျန်နေသည့် RPG ကျည်ဆံ တစ်ခုအား စမ်းသပ်ကြည့်ရှုရာမှ ပေါက်ကွဲမှုဖြစ်ပွားရာ အသက် ၂ နှစ်နှင့် ၄ နှစ်အရွယ် မိန်းကလေးနှစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့သည်။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းလည်း ရန်ကုန်ကျောင်းသားသမဂ္ဂ ဖြိုခွင်းခံရသည့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် လူအင်အားအများအပြားဖြင့် အာဇာနည်လမ်းမကြီးပေါ်ထိ တက်၍ မြို့တွင်းလှည့်လည်ကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အလံအား မီးရှို့ပြီးနောက် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

 

• ကလေးမြို့နေ ကျောင်းသားလူငယ်များကလည်း ဆဲဗင်းဇူလိုင် မမေ့နိုင် ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ကာ စာသင်ကျောင်းနံရံများတွင်လည်း "၇.၇.၆၂ ကို မမေ့ကြနဲ့" ဟု ဆေးနီများဖြင့် ရေး သားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ နေ့လယ်ပိုင်းတွင်လည်း ဒေသခံများက "သမဂ္ဂစိတ် ဓာတ်ကို ဘယ်သူမှ ဖြိုလို့မရဘူး" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တွင်းလှည့်လည်၍ ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း "၇.၇.၆၂ မမေ့ကြနဲ့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အရာတော်မြို့ မြောက်ပိုင်းရှိ ကျေးရွာများက ပြည်သူနှင့်ကျောင်းသား/သူများကလည်း ကျေးရွာများအတွင်း လှည့်လည်၍ ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဒီပဲယင်းမြို့နယ်တွင်လည်း ဒေသခံများက "ဒီပဲယင်းသမိုင်း မရိုင်းစေရ – တစ်ဗိုလ်ကျ နှစ်ဗိုလ် ထမယ်" ဟု ရေးသားထား သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ပခုက္ကူမြို၊ အမှတ် (၉) ရပ်ကွက်၊ ကမ်းနားလမ်းတွင် ယမန်နေ့ညပိုင်း ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

 

• ပခုက္ကူမြို့အခြေစိုက် သတင်းသမားတစ်ဦးဖြစ်သူ ကိုချစ်မင်းလှိုင်ကို စစ်အုပ်စုလက်နက်ကိုင်များက ဧပြီလ ၂၂ ရက်က အမှတ် (၁၄) ရပ်ကွက်၌ ဖမ်းဆီးသွားပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။ 

• နတ်မောက်မြို့နေ လူငယ်များကလည်း "ဆဲဗင်းဇူလိုင် ၆၂ ကို မမေ့ရင် ၂၁ ဇူလိုင် 7 ကစ ပို၍ ပို၍ တော်လှန်ကြ" ဟု စာရွက် များပေါ်တွင် ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ မြို့ခံ လူငယ်အချိုကလည်း "သွေးကြွေးမကျေရင် သွေးမအေးဘူး" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်ကိုင်ဆောင်ကာ ယနေ့ညနေပိုင်း ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မြိုင်အရှေ့ပိုင်းဇုန် ပညာရေးဝန်ထမ်းများနှင့် ဒေသခံများကလည်း "မလျှော့ဘူး သွေးမအေးဘူး နောက်မဆုတ်ဘူး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

 

ဧရာဝတီတိုင်းဒေသကြီး 

• ပုသိမ်မြို့နေ ပြည်သူများကလည်း "ဘယ်မြို့ထိထိ ငါတို့နဲ့ ဆိုင်တယ်" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အာရုဏ်ဦးသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာနေ ပြည်သူများကလည်း ယနေ့နံနက်ပိုင်းက အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲသည်။ သင်းကျွန်းကျေးရွာနေ ပြည်သူများကလည်း ဆဲဗင်းဇူလိုင်အရေးအခင်း အောက်မေ့ဖွယ်နေ့ဖြစ်သည့် ယနေ့တွင် မိုးရွာသွန်းနေသည့်ကြားကပင် ကျေးရွာတွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ သရက်ချောင်း၊ သရက်နှစ်ခွ ကျောင်းသား/သူ လူငယ်များ သပိတ်စစ်ကြောင်းကလည်း ဗကသအလံများ လွှင့်ထူကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာတွင် ဇွန်လ ၂၇ ကတည်းက မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည့် မောင်ကျော်လင်းနှင့် မောင်ကျော်ပိုင်စိုးတို့နှစ်ဦးအား ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များ က ဖုန်းများစစ်ဆေးစဉ် ဖမ်းဆီးသွားခြင်းဖြစ်ကာ အမှတ် ၄၀၁ ထားဝယ်တပ်နယ်၌ ထိန်းသိမ်းထားပြီးနောက် ယမန်နေ့က ထားဝယ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းထားသည်။ 

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် လူငယ်သပိတ်စစ်ကြောင်းတိုကလည်း "၇.၇.၆၂ မမေ့ကြနဲ့" ဟု ရေးသားထား သည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆဲဗင်းဇူလိုင် အရေးအခင်း အထိမ်းအမှတ်နေ့အဖြစ် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်၊ ရေဖြူကျေးရွာနေ ပညာရေးမိသားစုများနှင့် ဒေသခံများသပိတ်စစ်ကြောင်းကလည်း အာရုဏ်ဦးသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံမြို့နယ်၊ ဂေါ့အင်းကျေးရွာတွင်လည်း ဒသေခံများက သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ကြက်ယက်တွင်း၊ ပြင်ချောင်း၊ နတ်စင်ရှောင်၊ ဟင်းချိုတောနှင့် မိန်းမချောကျေးရွာတို့ စုပေါင်းထားသည့် သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် လူအင်အား အများအပြားဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုပမာဏမှာ ယခင်ကာလတူကုန်သွယ်မှုပမာဏာနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၄၇၁ သန်းကျော်အထိ ကျဆင်းလျက်ရှိကာ တနင်္သာရီ တိုင်းတွင် ထီးခီး၊ မောတောင်နှင့် ကော့သောင်းကုန်သွယ်ရေးစခန်းတို့ ရှိသည်။ 

• ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) ဦးဆောင်ကာ လောင်းလုံမြို့နယ်၌ ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• ဟိုပင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် ယမန်နေ့ညပိုင်း ၈ နာရီခန့်က လက်နက်လုပ်သည်ဟုဆိုကာ ရွာခံ ဦးသန်းဝေအား ဖမ်းဆီးပြီးအပြန်တွင် နွားလှည်းဖြင့် ပြန်လာသည့် ရွာခံသုံးဦးအား တားဆီးစစ်ဆေးခဲ့ရာ နွားလှည်းမောင်းသူ အသက် ၃၀ အရွယ် ကိုဘဂျမ်းဆိုသူမှာ နွားလှည်းအား ချက်ချင်းရပ်သော်လည်း မရပ်နိုင်ဘဲ ဆက်သွားသလို ဖြစ်သွားသည့်အတွက် ထွက်ပြေးသည်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်သည့်အတွက် သေဆုံးခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင်မူ စစ် အုပ်စုလက်နက်ကိုင်များက ကိုဘဂျမ်း၏ အလောင်းအား လာရောက်သိမ်းယူသွားသည်။ 

• ဗန်းမော်မြို့ပေါ် ရပ်ကွက်အချို့တွင် ယမန်နေ့ညပိုင်းက ကချင်အမျိုးသားအစည်းအရုံး - KNO ၏ ကချင်တပ်တော်မှ ထုတ် ပြန်ချက်ဟု ခေါင်းစဉ်တပ်ထားသည့် စာရွက်များအား ယမန်နေ့ညပိုင်း ၁၀ နာရီခွဲခန့်က စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၂၀ ခန့်ဖြင့် လိုက်လံကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါစာတွင် ကချင်ပြည်နှင့် ကချင်ပြည်သူပြည်သားများ၏ အကျိုးစီးပွား အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် KNU KIO/ KIA များက သူလျှို ဒလန်များကို စစ်ဆေးအပြစ်ပေးနိုင်ရန် ကချင်ပြည်သူများ ကိုယ်စား ကချင်အမျိုးသားအစည်းအရုံး(KNO)မှ တိုက်တွန်းသည့် အကြောင်း ရေးသားထားသည်။ 

• ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအုပ်စု ဆိုင်းအောင်ကျေးရွာအနီးတွင် တာမခန်မြို့သစ်ဘက်မှ ခြေလျင်တက်လာသည့် စစ်အုပ်စုလက်နက်ကိုင်တပ်ဖွဲ့မှာ ယနေ့နံနက် ၆ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူအများအပြား ရှိခဲ့သည်။ 

• ဖားကန့်မြို့၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်မှုများ ရှိသည့်ကြားကပင် "၇.၇.၆၂ မမေ့ကြနဲ့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မိုးကောင်းမြို့နေ ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် "စစ်ဖိနပ်အောက် ငါတို့ဒူးမထောက်" ဟု ရေးသား ထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

• ချီဖွေမြို့နယ်ရှိ မေခမြစ်အတွင်းတွင်ရှိ ချီဖွေကြိုးတံတားအနီးတွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင် စစ်သားတစ်ဦး မျောပါသေဆုံးမှု ဖြစ်ပွားခဲ့ကာ ၎င်းမှာ ယမန်နေ့ညကတည်းက ပျောက်ဆုံးနေသူဖြစ်သည်။ 

ကယားပြည်နယ်

 

• ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ – KSSU ကလည်း ဆဲဗင်းဇူလိုင် မမေ့နိုင်ဟု ရေးသားထားသည့် ဆိုင်းဘုတ်လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လွိုင်ကော်မြို့ပေါ်မှ လွိုင်ကော်မြို့နယ်၊ ဝါရီကောခူသို့ ပြန်လာသည့် ဒေသခံလူငယ်တစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များ က ဇူလိုင်လ ၄ ရက်က တားဆီးစစ်ဆေးရာ လူမှုကွန်ရက်စာမျက်နှာရှိ Profile ပုံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ပုံ တင်ထားသည်ဟုဆိုကာ ဖမ်းဆီးထားရာ ကယားပြည်နယ်တွင် မတရားဖမ်းဆီးခံရသူပေါင်း ၁၃၅ ဦးအထိ ရှိလာပြီ ဖြစ်သည်။ 

 

ချင်းပြည်နယ်

• ဖလမ်းမြို့တွင် ဇွန်လ ၂၉ ရက်က စစ်အုပ်စုလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားစဉ်က ကျဆုံးခဲ့သည့် ဆလိုင်းနိုင်အောင်၊ ဆလိုင်းကျော်ဆန်းဝင်း၊ ဆလိုင်းတီာလ်ဟုပ်၊ ဆလိုင်းဗန်ဘွဲ့နှင့် ဆလိုင်းထောင်းဇဲလ်တို့အား လေးစားဂါရဝပြုကြောင်းနှင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် - CNO/CNDF က ယနေ့ နေ့စွဲဖြင့် မှတ်တမ်း တင်ဂုဏ်ပြုလွှာ ထုတ်ပြန်လိုက်သည်။ 

မွန်ပြည်နယ်

• ရေးမြို့နယ်၊ အစင်ကျေးရွာ၊ နယ်မြေ ၁၄၊ ရွာဟောင်းကုန်းရပ်ကွက်ရှိ စစ်အုပ်စုသြဇာခံ ပျူစောထီးအဖွဲ့ဝင် ဦးသောင်းပိုနေအိမ်တွင် ယမန်နေ့ညပိုင်း ၈ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူနှစ်ဦး ထိခိုက်ခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

 

• မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်၍ ယနေ့ကျရောက်သည့် ဆဲဗင်းဇူလိုင်နေ့ အခမ်းအနားကို လွတ် မြောက်နယ်မြေတစ်ခု၌ ယနေ့ပြုလုပ်ခဲ့သည်။ 

• ပေါင်မြို့နယ်ရှိ ပညာရေးမိသားစုနှင့် ကျောင်းသားလူငယ်များကလည်း "၇.၇.၆၂ မမေ့ကြနဲ့" ဟု ရေးသားထားသည့် ဆိုင်း ဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် လူသေဆုံးသည်အထိ ဖြစ်နေချိန်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ မြင့်တက်လာနေကြောင်း သိရသည်။ 

ရှမ်းပြည်နယ်

• ယနေ့ ကျရောက်သည့် ဆဲဗင်းဇူလိုင်အရေးတော်ပုံနေ့တွင် တရားမဲ့အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဖယ်ဒရယ်ရေး၊ ပြည်နယ်အခွင့်အရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ ငြိမ်းချမ်းရေးတို့အတွက် ရှမ်းပြည်ဖက်ဒရယ်တပ်ဦး - SSFF ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးဦးဆောင်ပါတီအဖြစ် ရှမ်းလွတ်မြောက်ရေးပါတီ - Shan State Liberation Party ကိုလည်း တစ်ပါတည်း ဖွဲ့စည်းလိုက်သည်။ 

• စစ်အုပ်စုလက်အောက်ခံအဖွဲ့များ၊ ပျူစောထီးနှင့် ဒလန်ရှင်းလင်းရေး၊ အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားရှင်းလင်းရေးအ တွက် နောင်ချိုနှင့် တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တို့အကြား မဟာမိတ်ဆက်ဆံရေး တည်ဆောက်ပြီးပြီဖြစ်ကြောင်း ချိတ်ဆက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ 
• ကိုဗစ်ကူးစက်မှုများ တိုးလာသည်အတွက်ဟုဆိုကာ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးမြို့သစ်တွင် ယနေ့မှစ၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားသည်။ 

• လားရှိုးမြို့နေ လူငယ်များကလည်း "ဆဲဗင်းဇူလိုင်စိတ်ဓာတ် စွဲကိုင်တိုက်ပွဲဝင်ကြ" အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်းစာများအား စာရွက်များပေါ်တွင် ရေးသား၍ အိမ်တွင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• တောင်ကြီးမြို့ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကလည်း သမဂ္ဂအလံတစ်ဝက်ချ လွှင့်ထူ၍ ဆဲဗင်းဇူလိုင်အရေး အခင်းအတွင်း ကျဆုံးခဲ့သည့် ကျောင်းသားများ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့သည်။ 

• ဟိုပုံးမြို့နေ ပြည်သူများကလည်း "7 July မမေ့နိုင်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

နေပြည်တော်

• နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ဦးဇော်နိုင်ဝင်းကို စစ်အုပ်စုလက်အောက်ခံ ဇမ္ဗူသီရိမြို့နယ်တရားရုံးက ယုံကြည်အပ်နှံဖောက်ဖျက်မှု ပုဒ်မ ၄၀၉ ဖြင့် ပြီးခဲ့သည့်လအတွင်းက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။ ၎င်းမှာ စစ်အုပ်စုအာဏာသိမ်းချိန်က အလုပ် က နုတ်ထွက်ထားသူဖြစ်ကာ စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် CDM ဝန်ထမ်းများအား ကူညီပေးရေးတို့တွင် ပါဝင် ခဲ့သည်။ 

• စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၆ ရက်အထိ အပြစ်မဲ့ပြည်သူများအား နှိပ်စက်ညှင်းပန်း၊ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ၈၉၄ ဦးအထိ သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားသည်။ 

• စစ်အုပ်စု ရုံးထိုင်နေသည့် နေပြည်တော်မှ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• မြန်မာလူထုက သက်သေပြမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG သာလျှင် လက်တွေ့အစိုးရဖြစ်သည့်အတွက် ဂျပန်နိုင်ငံက ကူညီသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် ဂျပန်ပါလီမန်အမတ်များနှင့် NUG အစိုးရအကြား အစည်းအဝေးတွင် ဂျပန်ဘက်က ပြောဆိုသွားသည်။ 

• စစ်အုပ်စုက လိုင်စင်မဲ့ဆိုင်ကယ်များအား ယနေ့မှစ၍ သြဂုတ်လ ၁၉ ရက်အထိ One Stop Service စီမံချက်ဖြင့် တရားဝင် မှတ်ပုံတင်လုပ်ပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။ 

• ကိုဗစ်ကူးစက်မှု မြင့်မားလာ၍ နေပြည်တော် ပျဉ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်တို့အား ယနေ့မှစ၍ Stay at Home ကြေညာထားသည်။ 

• စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ဂျပန်အစိုးရက ဗီဇာသက်တမ်းထပ်တိုးပေးထားကာ ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၅၀ ရှိကြောင်း သိရသည်။ 

ဇူလိုင် ၇ သုံးသပ်ချက်

• ရန်ကုန်တွင် ဆဲဗင်းဇူလိုင်အရေးအခင်း ၅၉ နှစ်ပြည့်နေ့တွင် လမ်းပေါ်တက် ဆန္ဒပြလှုပ်ရှားမှုများ အားကောင်းကောင်းဖြင့် ရှိနေခဲ့သည်။ စစ်အုပ်စုအား ငွေရှာပေးနေသည့် ယာဉ်ထိန်းရဲရုံးများနှင့် လျှပ်စစ်ရုံးများအား သတိပေးမှုများ ရှိခဲ့ပြီးနောက် တာမွေမြို့နယ် လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုက ရန်ကုန်နှင့် အနီးတဝိုက်တွင် တန်ပြန်ဝါဒဖြန့်မှုများ ပြုလုပ်ရန်အတွက် ရေဒီယိုလိုင်းတစ်ခုအား ထပ်မံလွှင့်ထုတ်ရန် ပြင်ဆင်လျက်ရှိပြီး မြို့နယ်တိုင်းလိုလိုတွင်လည်း လှည့်ကင်းစနစ်ဖြင့် လုံခြုံရေးတင်းကြပ်ထားဆဲ ဖြစ်သည်။ 

• မန္တလေးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ကြီးများ အားကောင်းကောင်းဖြင့် ရှိနေခဲ့သည်။ စစ်အုပ်စုဘက် က လုံခြုံရေးအင်အားအနည်းငယ်ဖြင့်သာ လှည့်ကင်းပုံစံဖြင့် ကင်းလှည့်မှုများ ရှိနေကာ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ် ရေးရုံးများတွင်လည်း အရပ်ဝတ်များဖြင့် ဝတ်ထွက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ 

 

• စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်အာဏာရှင်စန် ဆန့်ကျင်ကြောင်း လူထုဆန္ဒပြမှုများ ဆက်ရှိနေဆဲ ဖြစ်ကာ စစ်အုပ်စုသတင်းပေးဒလန်ရှင်းလင်းမှုများလည်း နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် လူထုဆန္ဒဖော်ထုတ်မှုများ ဆက်ရှိနေကာ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တွင်မူ ကိုဗစ်ကူးစက်မှု မြင့်မားမှုများကြောင့် ဆန္ဒပြလှုပ်ရှာမှုများ မရှိသလောက် နည်းပါးလျက် ရှိသည်။ 

• စစ်အုပ်စုက နိုင်ငံတကာတွင် တရားဝင်မှုရရေး၌ NUG အစိုးရ၏ ဆောင်ရွက်မှုများကြောင့် ဖိအားများဖြစ်ပေါ်လျက်ရှိသည်။ ပြည်တွင်း၌လည်း ဆန္ဒပြမှုများ၊ လက်နက်ကိုင်ခုခံမှုများကြောင့် စစ်အုပ်စုဘက်တွင် အထိနာမှုများ ရှိကာ စီးပွားရေးကျပ်တည်းလာမှုများကြောင့် အခွန်သစ်ကောက်ခံနိုင်မည့် လုပ်ငန်းများအား ဆက်တိုက်လုပ်ဆောင်လာနေသည်။ ကိုဗစ်ကူး စက်မှု မြင့်မားလာမှုကြောင့် စစ်အုပ်စုဘက်တွင် စီမံခန့်ခွဲနိုင်မှု အားနည်းခြင်းကြောင့် အလေအလွင့်များပြားလာလျက် ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required