ရုရှားလေယာဉ်ပျက်ကျရာနေရာကို ရှာတွေ့ပြီးနောက် ရုပ်အလောင်းအချို့ ပြန်လည်ရရှိထား

ရုရှားလေယာဉ်ပျက်ကျရာနေရာကို ရှာတွေ့ပြီးနောက် ရုပ်အလောင်းအချို့ ပြန်လည်ရရှိထား
Photo - AFP

ဇူလိုင် ၇

ရုရှားနိုင်ငံရဲ့ အရှေ့ဘက်စွန်း ကမ်ချတ်ကာ ကျွန်းဆွယ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ ခရီးသည်တင်လေယာဉ်တစင်းရဲ့ ပျက်ကျရာနေရာကို ရှာတွေ့ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ခုဟာ ဇူလိုင် ၇ ရက်မှာ ရုပ်အလောင်းကိုးလောင်းကို ပြန်လည်ရရှိထားခဲ့ပါတယ်။

ခရီးသည် ၂၈ ဦး လိုက်ပါခဲ့ပြီး ကမ်ချတ်ကာရဲ့ အဓိကမြို့ ပီထရိုပက်ဗ်လော့စ်ခ်-ကမ်ချတ်စကီ ကနေ ကမ်းရိုးတန်းမြို့ ပယ်လာနာကို ဦးတည်ပျံသန်းခဲ့တဲ့ An-26 လေယာဉ်ဟာ ဇူလိုင် ၆ ရက်က ပျောက်ဆုံးသွားခဲ့ပြီး ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

ရှာဖွေရေး အဖွဲ့တွေဟာ ယင်းနောက်ပိုင်းမှာ ပယ်လာနာမြို့ အနီးမှာ လေယာဉ်ရဲ့ အပျက်အစီးတွေကို ရှာတွေ့ခဲ့ပါတယ်။

“ခုလက်ရှိအချိန်မှာတော့ အလောင်းကိုးလောင်း ရှာတွေ့ထားပါတယ်” လို့ အရေးပေါ်အခြေအနေများ စီမံခန့်ခွဲရေး၀န်ကြီးဌာန၏ ဒေသဆိုင်ရာ ဌာနခွဲက ထုတ်ပြန်ပါတယ်။

အလောင်းတစ်လောင်းကိုတော့ မည်သူမည်၀ါဖြစ်ကြောင်း ဖော်ထုတ်သိရှိထားပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

လေယာဉ်ပေါ် ပါသွားသူ ၂၈ ဦးထဲမှာတော့ အမှုထမ်းခြောက်ဦးနဲ့အတူ အရွယ်မရောက်သေးသူ နှစ်ဦးအပါအ၀င် ခရီးသည် ၂၂ ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။

ယခုအခါ အားလုံး သေဆုံးသွားခဲ့ပြီလို့ ယူဆရပါတယ်။

လူ ၅၀ ကျော် ပါတဲ့ ရှာဖွေရေးအဖွဲ့ဟာ အော့ခ်ဟော့စ်ခ် ပင်လယ် ကမ်းခြေတစ်ဝိုက်ရှာဖွေနေခဲ့ပြီး ထို့နောက် လေပြင်းထန်ပြီး လှိုင်းကြီးမှုကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ယခုအခါမှာ ရှာဖွေရေးလုပ်ငန်းတွေအတွက် ရေငုပ်သမားတွေနဲ့ Mi-8 ရဟတ်ယာဉ်တစင်းတို့ ဖြန့်ကျက်ဖို့ စီစဥ်ထားကြောင်း အရေးပေါ်အခြေအနေများ စီမံခန့်ခွဲမှု၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly