နျူကလီးယား ‘အန္တရာယ်ရှိသော ပေါ်လစီ’ ကို ရပ်ပစ်ဖို့ အီရန်ကို အမေရိကန် သတိပေး 

နျူကလီးယား ‘အန္တရာယ်ရှိသော ပေါ်လစီ’ ကို ရပ်ပစ်ဖို့ အီရန်ကို အမေရိကန် သတိပေး 
Photo - AFP

ဇူလိုင် ၇

အီရန်နိုင်ငံအနေနဲ့ နျူကလီးယား ‘အန္တရာယ်ရှိသော ပေါ်လစီ’ ကို ရပ်ပစ်ဖို့ အမေရိကန်နိုင်ငံဟာ အင်္ဂါနေ့မှာ သတိပေးရင်း အီရန်ရဲ့ ယူရေနီယမ် ပိုပြီး စုဆောင်းဖို့ နောက်ဆုံး ကြိုးပမ်းလာမှုဟာ ၂၀၁၅ နျူကလီးယား သဘောတူညီချက် ပြန်လည်အသက်ဝင်ရေးကို ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေ ပြန်စရေးမှာ ခက်ခဲရှုပ်ထွေးလာစေလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ 

“ဒီ အန္တရာယ်ရှိတဲ့ ပေါ်လစီကို ရပ်တန့်ဖို့နဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေဆီ ပြန်လာဖို့ အီရန်ကို ကျွန်တော်တို့ ဆက်လက်တိုက်တွန်းနေတယ်၊ ဧပြီလအတွင်းမှာ စတင်ပြီး တံခါးဖွင့်လိုက်တဲ့ နျူကလီးယားသဘောတူညီချက်အရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးမှာ ပြင်ဆင်ဆောင်ရွက်နေရာမှာ ပါဝင်လာဖို့ကို တိုက်တွန်းနေတာ ဖြစ်တယ်”ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ်ပရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။ 

အီရန်နျူကလီးယားသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဗီယင်နာဆွေးနွေးပွဲတွေ ရပ်တန့်သွားနိုင်တဲ့ လက္ခဏာတစ်ရပ်အဖြစ် အီရန်ဟာ ယူရေနီယမ် ၂၀ ရာခိုင်နှုန်းအထိ စုဆောင်းဖို့ ရည်ရွယ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA က အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

နျူကလီးယားလက်နက် ထုတ်လုပ်ရေးမှာ သုံးစွဲတဲ့ ယူရေနီယမ်ကို တိုးမြှင့်စုဆောင်းတဲ့ လုပ်ဆောင်ချက်ဟာ အီရန်အတွက် နျူကလီးယားလက်နက်စီမံကိန်းကို ပိုမို နီးကပ်သွားစေနိုင်တာ  ဖြစ်ပါတယ်။  

အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ချုပ်ဆိုပြီး အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ နုတ်ထွက်လိုက်လို့ ပျက်ပြယ်သွားတဲ့ JCPOA နျူကလီးယားသဘောတူညီချက် ပြန်လည်အသက်ဝင်ရေးအတွက် ဆွေးနွေးပွဲတွေ အစပျိုးနိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ 

“JCPOA က ကတိကဝတ်တွေကို ပိုပိုပြီး မျက်ကွယ်ပြုလာတဲ့ လမ်းကြောင်းကို အီရန်က ရွေးချယ်တာနဲ့အတူ နျူကလီးယားလက်နက်သုတေသနအတွက် တန်ဖိုးရှိတဲ့ ယူရေနီယမ် စုဆောင်းလာတာမျိုးတွေဟာ စိုးရိမ်စရာ ကောင်းပါတယ်”လို့ ပရက်စ်က ဆိုပါတယ်။ 

“ဒါဟာ အီရန်အတွက်တော့ ကံခေစေမယ့် နောက်ကြောင်းပြန်မှုပါပဲ”လို့ ၎င်းက ပြောပါတယ်။ 

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတွေကလည်း အင်္ဂါနေ့မှာ အလွန်စိုးရိမ်ကြောင်း ဖော်ပြပြီး အီရန်ရဲ့ ယူရေနီယမ် တိုးမြှင့်စုဆောင်းမှုဟာ ဗီယင်နာက ဆွေးနွေးပွဲတွေအတွက် အန္တရာယ် ဖြစ်စေလိမ့်မယ်လို့ သတိပေးရင်း ဥရောပအင်အားကြီးနိုင်ငံတွေရဲ့ အသံကို ကြားသိစေခဲ့ပါတယ်။ 

အီရန်ကတော့ စွမ်းအင်ရည်ရွယ်ချက်အတွက် နျူကလီးယားနည်းပညာကို စိတ်ဝင်စားရုံပဲဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပေမယ့် ၂၀၁၅ မှာ ချုပ်ဆိုခဲ့တဲ့ JCPOA သဘောတူညီချက်ပါ လိုက်နာရမယ့် စည်းကမ်းတွေကနေ တစ်ဖြည်းဖြည်းနဲ့ အလှမ်းကွာလာလို့ ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly