သြစတြေးလျဆီ ဦးတည်သည့် ဒေါ်လာသန်း ၃၀ နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ထိုင်းတွင် ဖမ်းမိ

သြစတြေးလျဆီ ဦးတည်သည့် ဒေါ်လာသန်း ၃၀ နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ထိုင်းတွင် ဖမ်းမိ

ဇူလိုင် ၇

ထိုင်းနိုင်ငံ၏ အ‌ကောက်ခွန်အရာရှိများသည် ကန်ဒေါ်လာ ၂၉ သန်း (ဘတ် ၉၄၄ သန်း) တန်ဖိုးရှိ ဘိန်းဖြူ ၃၁၅ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး ယင်းသည် ယခုနှစ်အတွင်း အကြီးမားဆုံး ဘိန်းဖြူဖမ်းဆီးရမိမှု ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သိမ်းဆည်းရမိသည့် ဘိန်းဖြူစုစုပေါင်းမှာ ၂ တန်အထိ ရှိနေခဲ့ပြီဖြစ်ကြောင်း တာ၀န်ရှိသူများက ဇူလိုင် ၆ ရက်တွင် ပြောသည်။

ယခု မူးယစ်ဆေး၀ါးများသည် မည်သည့်နေရာကနေ အစပြုခဲ့သလဲဆိုသည်ကို ၎င်းတို့က ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီလက ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများ ရှိနေခြင်းနှင့်အတူ မူးယစ်ဆေးထုတ်လုပ်မှု မြင့်တက်ကောင်း မြင့်တက်နေနိုင်သည် ဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိနေစဥ် ယခုကဲ့သို့ မူးယစ်ဆေး၀ါးများ သိမ်းဆည်းရမိမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တစ်ထုပ်လျင် အလေးချိန် ၂ ဒသမ ၄ ကီလိုဂရမ်စီ ရှိသည့် ပလတ်စတစ်ပါးဖြင့် အသားကပ်၍ အလုံပိတ်ထားသော အထုပ်ပေါင်း ၁၃၄ ထုပ်ကို သြစတြေးလျနိုင်ငံဆီ ဦးတည်နေသည့် အက်ခရီလစ် သုတ်ဆေးပုံး ကုန်စည်တစ်ခုထဲတွင် ဖုံး၀ှက်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ထိုင်း အကောက်ခွန်ဌာန ညွှန်ကြားရေးမှူးချုပ် ပတ်ချာရာ အနွန်တာဆီလ်ပါက ပြောသည်။

သုတ်ဆေးပုံးများကို X-rays ဖြင့် စစ်ဆေးခဲ့စဥ် ဆေးပုံးများထဲ၌ လေးထောင့်ပုံစံ ပလတ်စတစ်ဘူးများဖြင့် ၀ှက်ထည့်ထားသည့် ဘိန်းဖြူထုတ်များကို ဇူလိုင် ၅ ရက်က ရှာတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုဖြစ်စဥ်နှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းအား ငှားရမ်းခိုင်းစေခဲ့သူ မည်သူမည်၀ါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါ ပုဂ္ဂိုလ်သည် လာအိုသို့ ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်း မူးယစ်ဆေး၀ါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးမှ အထွေထွေအတွင်းရေးမှူး ၀ီချိုင်း ချိုင်မွန်ကောလ်က ပြောသည်။

မြန်မာ၊ လာအိုနှင့် ထိုင်း တို့ နယ်နမိတ်ဆုံရာ ရွှေတြိဂံဧရိယာသည် ဘိန်း အဓိက ထုတ်လုပ်ရာ ဧရိယာတစ်ခု ဖြစ်ခဲ့သလို ယင်းတွင် ဘိန်းဖြူအဖြစ် ပြောင်းလဲထုတ်လုပ်သည့် ဓာတ်ခွဲခန်း အများအပြားလည်း ရှိထားခဲ့သည်။

ထိုင်းသည် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုကို လုံး၀နီးပါး အမြစ်ဖြတ်ရှင်းလင်းထားခဲ့စဥ် ဘိန်းနှင့် ဘိန်းဖြူ ထုတ်လုပ်မှုက မြန်မာတွင် ဆက်ရှိနေပြီး ယင်း၏ နယ်စပ်ဧရိယာများသည်လည်း အစဥ်အမြဲဆိုသလို ထိန်းသိမ်းကြပ်မတ်မှုပိုင်း အားနည်းထားခဲ့သည်။ မကြာခဏဆိုသလို ဘိန်းဖြူနှင့် အခြားမူးယစ်ဆေးများကို လာအိုကနေတဆင့် ထိုင်းသို့ တရားမ၀င် မှောင်ခိုကူးပြီး ယင်းတို့အနက် အများအပြားကို သြစတြေးလျကဲ့သို့ ပြည်ပနေရာများသို့ ဖြတ်ကျော်ပို့ဆောင်မှုများ ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly