လောက်ကိုင်မှာ တစ်ရက်အတွင်း လူနာသစ် ၂၃၅ ဦး စံချိန်တင် တွေ့ရှိ 

လောက်ကိုင်မှာ တစ်ရက်အတွင်း လူနာသစ် ၂၃၅ ဦး စံချိန်တင် တွေ့ရှိ 
Photo- KokangTV

ဇူလိုင် ၇

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်မှာ မနေ့ဇူလိုင်လ ၆ ရက်နေ့ တစ်ရက်တည်းအတွင်း ကိုဗစ်-၁၉ လူနာသစ် ၂၃၅ ဦး စံချိန်တင် တွေ့ရှိခဲ့ပါတယ်။

မနေ့အထိ လူနာ ၉၄၅ ဦးအထိ တိုးလာပြီး ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကနေ မနေ့ ဇူလိုင် ၆ ရက်အထိ ၂၁ ရက်အတွင်းတွေ့လာရတာဖြစ်ပါတယ်။ လောက်ကိုင်မှာ ၉၃၈ ဦးနဲ့ ချင်းရွှေဟော်မှာ ခုနှစ်ဦးဖြစ်ပါတယ်။

၉၄၅ ဦးထဲမှာမှ ကုသမှုခံယူပြီးနောက် သက်သာလာသူ ၁၁၅ ဦးကတော့ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပြီး ဒီနေ့အထိ သေဆုံးသူ တစ်ဦးမှ မရှိသေးကြောင်း သိရပါတယ်။

ဇွန်လ ၁၆ ရက်က စတင်တွေ့ရှိခဲ့တဲ့ လူနာ ငါးဦးဟာ လားရှိုးမြို့ကနေ လောက်ကိုင်မြို့ကို မှောင်ခိုနည်းလမ်းနဲ့ လာရောက်သူတွေဖြစ်တယ်လို့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးမှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။

လောက်ကိုင်၊ ကုန်းကြမ်းနဲ့ ချင်းရွှေဟော်ကို မှောင်ခိုနည်းနဲ့ ဝင်ရောက်နေသူတွေကို တားဆီးနိုင်ဖို့အတွက် ချင်းရွှေဟော် မရောက်ခင် ကွမ်းလုံမြို့အထွက် တိုးဂိတ်အနီးမှာ PCR စစ်တဲ့ စင်တာနဲ့ ကွာရန်တင်းစင်တာကို အလျင်အမြန် တည်ဆောက်နေကြပါတယ်။

ကိုးကန့်ဒေသကို လာရောက်မယ့်သူတွေအနေနဲ့ အဆိုပါ ဂိတ်မှာ စစ်ဆေးခံရမှာဖြစ်ပြီး ရောဂါပိုးတွေ့ပါက မိမိစရိတ်နဲ့ ကွာရန်တင်းနှစ်ပတ်ကြာ ဝင်ရမှာ ဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်က လောက်ကိုင်မြို့နယ်ကို Stay at Home မြို့နယ်အဖြစ် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly