အင်ဒိုနီးရှားမှာ တစ္ဆေသရဲတွေလို ဝတ်ပြီး ကိုဗစ်စည်းမျဉ်းတွေ လိုက်နာရန် လိုက်လံနှိုးဆော်

အင်ဒိုနီးရှားမှာ တစ္ဆေသရဲတွေလို ဝတ်ပြီး ကိုဗစ်စည်းမျဉ်းတွေ လိုက်နာရန် လိုက်လံနှိုးဆော်
Photo - AFP

ဇူလိုင် ၇

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းသစ်တွေကို အလေးထားလာကြဖို့အတွက် အာဏာပိုင်တွေဟာ တစ္ဆေသရဲတွေလို ဝတ်ပြီး လိုက်လံနှိုးဆော်တဲ့ ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်ကြပါတယ်။ ‘တစ္ဆေသရဲများ’ ဆိုတဲ့ ဒီ ကမ်ပိန်လှုံ့ဆော်မှုဟာ ပြည်သူတွေအနေနဲ့ စည်းမျဉ်းတွေကို အလေးထားလိုက်နာကြဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာပါ။ 

ယာဉ်ထိန်းရဲတစ်ဦးဖြစ်တဲ့ ဆိုင်ဖူက “ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေကို ပညာပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်နေကြတာပါ၊ ဒီ ကျန်းမာရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ပျက်ကွက်မယ်ဆို ဘယ်လို အဆုံးသတ်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ ပြည်သူတွေကို သိစေချင်လို့ပါ”ဆိုပြီး ပြောပါတယ်။ 

“အခုလို တစ္ဆေသရဲတွေ၊ ခေါင်းတလားတွေကို ပြသပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေဆဲပဲဆိုတာ လူတွေ နားလည်အောင်ပါ၊ ဒါဟာ ကျွန်တော်တို့ အားလုံးနဲ့ ဆိုင်တယ်၊ ဒီအတွက် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါတယ်၊ ခုလို တစ္ဆေသရဲတွေလို ဝတ်ရတာကလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးရခြင်းကို သရုပ်ပြတာပါပဲ”လို့ သူက ပြောပါတယ်။ 

ခုလို တိုက်တွန်းနှိုးဆော်ရေး ကမ်ပိန်းအပြင် စီမာရန်းမြို့မှာဆိုရင် စည်းမျဉ်းသစ်တွေကို ချိုးဖောက်သူတွေကို မီးသတ်ပိုက်နဲ့ ထိုးပက်တာမျိုးတွေပါ ဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရပါတယ်။ 

အင်ဒိုနီးရှားမှာ ကိုဗစ်ဖြစ်ပွားမှုဟာ ပေါက်ကွဲတဲ့အဆင့် ရောက်နေပြီး ဆေးရုံဆေးခန်းတွေ ဝန်ပိလို့နေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာဆိုရင် တစ်ရက်တာ သေဆုံးနှုန်းဟာ စံချိန်တင် ၇၂၈ ဦး ရှိခဲ့တာကြောင့် ကူးစက်မှုလှိုင်းဒဏ်ကို ကျားကန်နေရတယ်လို့ အာဏာပိုင်တွေက သတိပေးလာရပါတယ်။ 

ကိုဗစ်လူနာတွေအတွက် အရေးပေါ်အောက်ဆီဂျင် ပေးနိုင်ဖို့ အိမ်နီးချင်း စင်ကာပူနိုင်ငံကနေ တင်သွင်းနေရပြီး အရှေ့တောင်အာရှရဲ့ အဆိုးဆုံး ထိခိုက်နေတဲ့ အင်ဒိုနီးရှားမှာ တစ်နေ့ကို လူပေါင်း ၅၀၀၀၀ ကျော်အထိ ကူးစက်မှု ဖြစ်လာနိုင်တယ်လို့ အစိုးရက ပြောလာပါတယ်။ 

ဗိုင်းရပ်စ် ကူးစက်မှု ပိုပြီး ပြင်းထန်တဲ့ မြို့တော်ဂျာကာတာက ဆေးရုံတွေမှာ ကိုဗစ်လူနာက ၉၀ ရာခိုင်နှုန်း ရှိနေပြီး ဒုတိယအကြီးဆုံး ဆူရာဘာယာမြို့က ကျန်းမာရေးဝန်ဆောင်မှုဌာန ဒါဇင်ကျော်မှာလည်း လူနာတွေ အသုတ်လိုက် ရောက်ရှိတာကြောင့် နောက်ပိုင်း လက်မခံနိုင်တော့ဘဲ ပိတ်ရတဲ့အထိ ဖြစ်နေပါတယ်။ 

နေ့စဉ် စံချိန်တင် ကူးစက်သေဆုံးမှု မြင့်တက်တာကို လျှော့ချနိုင်ရေးအတွက် ဗိုင်းရပ်စ်ကန့်သတ်ချက်သစ်တွေ အာဏာအသက်ဝင်ဖို့ စစ်သားနဲ့ ရဲ ထောင်ပေါင်းများစွာကိုလည်း ကင်းလှည့်စောင့်ကြပ်ရေး တာဝန်တွေ ချထားပေးရပါတယ်။ 

အင်္ဂါနေ့ တစ်နေ့တည်းမှာတင် အသစ်ကူးစက်သူ ၃၁၁၈၉ ဦး ရှိပြီး သေဆုံးသူ ၇၂၈ ဦး ရှိတာကြောင့် လွန်ခဲ့တဲ့ တစ်လက နေ့စဉ် သေဆုံးနှုန်း ကျဆင်းခဲ့တာရဲ့ ခုနစ်ဆလောက် ရှိနေတာလည်း ဖြစ်ပါတယ်။ ဂျကာတာမှာ ကိုဗစ်ကြောင့် သေဆုံးသူတွေကို သင်္ဂြိုလ်ပေးနေရတာဟာလည်း မေလကစပြီး ဆယ်ဆမြင့်တက်လာတာကြောင့် သုဿန်ဝန်ထမ်းတွေအတွက်လည်း ဝန်ဖိစီးလို့ ရှိနေတာ ဖြစ်ပါတယ်။ 

အောက်ဆီဂျင် ထုတ်လုပ်စက်တွေဖြစ်တဲ့ concentrator အလုံးပေါင်း ၁၀၀၀၀ ခန့်ကို စင်ကာပူကနေ မှာယူထားရာ အချို့က ရောက်ရှိလာပြီလို့ အစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။ တရုတ်အပါအဝင် အခြားနိုင်ငံတွေနဲ့လည်း အကူအညီရဖို့ အစိုးရက ဆွေးနွေးလျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly