ပုသိမ်မြို့တွင် ကိုဗစ်လူနာတွေကို ထားရှိဖို့နေရာ မလုံလောက်၍ နေအိမ်တွေကို ပြန်လွှတ်နေ

ပုသိမ်မြို့တွင် ကိုဗစ်လူနာတွေကို ထားရှိဖို့နေရာ မလုံလောက်၍ နေအိမ်တွေကို ပြန်လွှတ်နေ

ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ကိုဗစ် ၁၉ အတည်ပြုလူနာတွေကို ဆေးရုံမှာ ထားရှိပေးဖို့ နေရာမလုံလောက်တော့တာကြောင့် နေအိမ်တွေကို ပြန်လွှတ်နေပြီး ကိုဗစ် ၁၉ကြောင့် သေဆုံးသူ ၁၄ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

“စစ်ကြည့်လို့ Pတွေ့တယ်ဆိုရင်တောင် ဆေးရုံက မေးတယ်၊ ရောဂါအခံရှိလား အခုဘာဖြစ်လဲဆိုတာမေးတယ်၊ ဘာမှမဖြစ်ဘူးဆိုရင် အိမ်ပြန်ပြီး ကိုယ့်ဘာသာ မိသားစုနဲ့ အတူမနေဘဲ ခွဲနေလို့ပြောတယ်၊ သူတို့ဆီမှာ ထားစရာနေရာမရှိတော့ဘူး။ အိမ်မှာပဲနေ တစ်ခုခုဖြစ်မှပြန်လာခဲ့ဆိုပြီး နှင်လွှတ်တယ်၊ ဒီနေ့ဆို တောက်လျှောက်ပြန်လွှတ်နေတာ ကျွန်တော်သိတာပဲ ၆ယောက်ရှိပြီ၊ အရင်က ပြည်သူ့အစိုးရလုပ်ပေးနေတုန်းက အပြိုင်အဆိုင်နဲ့ လာလုပ်တဲ့ တပ်ကကောင်တွေဆိုတာ တစ်ကောင်မှကို မတွေ့ရဘူး။ ဘာမှလည်းမကူညီနိုင်ဘူး။ ပြည်သူကို သတ်နေတာ”လို့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။

ပုသိမ်ဆေးရုံမှာ အောက်ဆီဂျင် မလုံလောက်ဖြစ်နေပြီး အောက်ဆီဂျင်အိုးများ ငှါးရမ်းမရတဲ့အတွက် လူနာတွေမှာ နေ့စဉ်သေဆုံးမှုတွေ ရှိနေတာပါ။

“အောက်ဆီဂျင်အိုးလိုက်ငှါးတာ ငှါးမရဘူး၊ ကုန်နေတာများတယ် အကုန်လုံးက လိုနေတော့ အောက်ဆီဂျင်မလုံလောက်တော့ဘူး။ ဒီအတိုင်းဆိုမလွယ်ဘူး ဒီနေ့လည်း တစ်ယောက်သေသွားတယ် လုံးဝမနိုင်တော့ဘူး”လို့ လူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပုသိမ်မြို့မှာ အတည်ပြုလူနာ ၅၀၀ကျော်ထိရှိနေပြီး အနံ့ပျောက်လူနာအချို့မှာ ကိုဗစ် ၁၉ရောဂါစစ်ဆေးပေးဖို့ ဆေးရုံတွေကို သွားရောက်တာမှာလည်း စစ်ဆေးပေးခြင်းမရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော့်အိမ်ကဖြစ်တာ မီးသတ်ဆိုလို့မီးသတ်သွားတယ်၊ ဆေးရုံဆိုလို့ဆေးရုံသွားတယ် နေမကောင်းချင်ဘူး အနံ့သိပ်မရလို့ စစ်ပေးပါပြောတာကို စစ်မပေးဘူး၊ Positive သမားနဲ့ထိစပ်တဲ့သူကိုပဲ စစ်ဆေးတယ်လို့ သူတို့ကပြောတယ်၊ ကြိတ်ကုနေကြတဲ့သူတွေလည်း အများကြီးရှိနေတာကို Positive သမားနဲ့ ကျွန်တော်တို့ ထိမိလား မထိမိလား ဘယ်လိုလုပ်သိတော့မလဲ၊ ဘာမှမလုပ်တတ်ဘဲ အာဏာလုထားတဲ့ကောင်တွေ မလုပ်တတ်လဲ ဆင်းပေးလိုက်တာမဟုတ်ဘူး။ ကျွန်တော့်မိသားစုတစ်ခုခုဖြစ်ရင် ကမ္ဘာမကြေဘူး”လို့ ပုသိမ်မြို့ အသုတ်ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊သာပေါင်းနဲ့ မြောင်းမြမြို့တွေကို Stay at Home သတ်မှတ်ထားပြီး ကိုဗစ် ၁၉ကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ ငွေကြေးနဲ့ လူအင်အားဘာတစ်ခုမှ ကူညီခြင်းမရှိဘဲ မြို့ခံ လုပ်ငန်းရှင်တွေဆီက အလှူခံတာတွေပြုလုပ်ပြီး မြို့ခံပရဟိတအဖွဲ့တွေကိုပဲ လုပ်ဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly