DNA နည်းပညာသုံး ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ် သုံးခွင့်ပေးရန် Zydus Cadila ဆေးဝါးကုမ္ပဏီ လျှောက်ထား

DNA နည်းပညာသုံး ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ် သုံးခွင့်ပေးရန် Zydus Cadila ဆေးဝါးကုမ္ပဏီ လျှောက်ထား

ကမ္ဘာ့ပထမဆုံး ပလာစမာ ဒီအင်န်အေ နည်းပညာသုံး ကိုဗစ်ကာကွယ်ဆေး ZyCoV-D ကို အရေးပေါ်အသုံးချခွင့်ပြုရန် အိန္ဒိယနိုင်ငံတွင်းမှ နာမည်ကျော် Zydus Cadila ဆေးဝါးကုမ္ပဏီက ဆေးဝါးထိန်းချုပ်ရေးဗဟိုဌာနသို့ လျှောက်ထားလိုက်သည်။

“လူသားတွေအတွက် အသုံးပြုဖို့ ကမ္ဘာ့ပထမဆုံး ပလာစမာ ဒီအင်န်အေ ကာကွယ်ဆေးဟာ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရာမှာ အန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း တွေ့ရှိထားပါတယ်။ အတည်ပြုချက်ရယူပြီးရင် အရွယ်ရာက်ပြီးသူတွေသာမက အသက် ၁၂ နှစ်ကနေ ၁၈ အထိ အရွယ်ရောက်သူ တွေကိုလည်း ထိုးပေးနိုင်ပါမယ်” ဟု အာမက်ဒါဘတ်အခြေစိုက် Zydus Cadila Group ဆေးကုမ္ပဏီ၏ အဓိက လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Cadila Healthcare Ltd မှ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ ရှာဗီးပါတယ်က ပြောကြားသည်။

ZyCoV-D သည် ပလာစမာဒီအင်န်အေတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းလိုက်သည့်အခါ SARS-CoV-2 ကို ထုတ်ပေးပြီး လူ၏ ကိုယ်ခံအားစနစ်မှ ဆဲလ်နှင့် ခုံခံအားများမှ တုံ့ပြန်မှုကို ထွက်ပေါ်စေကာ ရောဂါနှင့် ဗိုင်းရပ်စ်ပိုးများကို ရှင်းလင်းပေးသည်။

အဆိုပါ ကာကွယ်ဆေးကို အိန္ဒိယတွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ လူငယ်များကို စမ်းသပ်ပြီး ဖြစ်သည်။ ယင်းအသက်အရွယ်အုပ်စုမှ လူငယ် ၁၀၀၀ ခန့်အား စမ်းသပ်ခဲ့ရာ ဘေးကင်းလုံခြုံမှုရှိကြောင်းကို တွေ့ခဲ့ရသည်။ ခုခံကာကွယ်နိုင်စွမ်းတွင်လည်း အရွယ်ရောက်သူများနှင့် အတူတူပင် ဖြစ်သည်။

Zydus ကုမ္ပဏီသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရန် စက်ရုံအသစ်တစ်ခုကို တည်ဆောက်လျှက်ရှိသည်။ “ဒီလကုန်ပိုင်းမှာ စက်ရုံစတင်လည်ပတ်ပြီ ဆိုတာနဲ့ ကာကွယ်ဆေး ၁ ကုဋေလောက်ကို ထုတ်နိုင်ပါလိမ့်မယ်” ဟု ပါတယ်က ပြောသည်။ ကာကွယ်ဆေး စတင်ဖြန့်ဖြူးမည့် အချိန်အတိအကျကို မပြောဆိုခဲ့သော်လည်း အစိုးရ၏ ခွင့်ပြုချက်ရရှိပါက ရက် ၄၅-၆၀ အတွင်း ထုတ်လုပ်နိုင်မည်ဟု ပြောကြားသည်။

Zydus Cadila ကုမ္ပဏီသည် စက်ရုံအသစ် တည်ဆောက်မှုအပါအဝင် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရန် ရူပီး ကုဋေ ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly