ကိုဗစ်-၁၉ စိုးရိမ်ပူပန်မှုများကြောင့် ထိုင်၀မ်တွင် လူထုဆန္ဒခံယူပွဲများကို ရွှေ့ဆိုင်း

ကိုဗစ်-၁၉ စိုးရိမ်ပူပန်မှုများကြောင့် ထိုင်၀မ်တွင် လူထုဆန္ဒခံယူပွဲများကို ရွှေ့ဆိုင်း

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့် ထိုင်၀မ်တွင် ရှေ့လကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားခဲ့သည့် လူထုဆန္ဒခံယူပွဲ လေးခုကို နောက်ဆုတ်ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂ ရက်တွင် ပြောသည်။ ထိုင်၀မ်အစိုးရသည်လည်း တိုင်ပေ လက်ကား စားသောက်ကုန်စျေးတစ်ခု၌ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအသစ်တစ်ခုကို ထိန်းချုပ်နိုင်ရန် အပြင်းအထန် အားထုတ်နေရသည်။

ထိုင်၀မ်တွင် မေလလယ်နောက်ပိုင်း ပြည်သူလူထုအကြား အစုအဝေးပုံစံ ကူးစက်မှုတစ်ခုနှင့် ရင်ဆိုင်ထားခဲ့ရသည်။ သို့သော် မကြာသေးသည့် သီတင်းပတ်များအတွင်း ကူးစက်မှုအရေအတွက်သည် စတင် တည်ငြိမ်လာခဲ့ပြီး ယခုအခါ အတော်အတန် နည်းပါးနေဆဲ ဖြစ်သည်။

ကိုဗစ်-၁၉ အခြေအနေကြောင့် သြဂုတ်လ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသော ဆန္ဒခံယူပွဲလေးခုကို ဒီဇင်ဘာ ၁၈ သို့ ရွှေ့ဆိုင်းကြောင်း ထိုင်၀မ် ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့သည်။

“လူထုဆန္ဒခံယူပွဲလိုနေ့မျိုးက နိုင်ငံမှာ ပြည်သူတွေရဲ့ အကြီးဆုံး လှုပ်ရှားသွားလာမှုနဲ့ စုဝေးမှုဖြစ်ပါလိမ့်မယ်၊ ခုလိုမျိုး ကပ်ရောဂါ ကူးစက်ဖြစ်ပွားပျံ့နှံ့နေတဲ့ အချိန်မျိုးမှာ လူတွေ

အချင်းချင်း စုဝေးရာကနေ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနိုင်တဲ့ ကြီးလေးတဲ့ အကျိုးဆက်တွေကို ရှောင်နိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌ လီ ချင်းယန်က ပြောခဲ့သည်။

အရေးအကြီးဆုံး ဆန္ဒခံယူပွဲနှစ်ခုမှာ အဆီနည်းစေသော ဖြည့်စွက်ပစ္စည်းတစ်မျိုး ပါသည့် ၀က်သားကို ပိတ်ပင်မည်လား ဆိုသည့် ဆန္ဒခံယူပွဲတစ်ခုဖြစ်ကာ ကျန်ဆန္ဒခံယူပွဲတစ်ခုမှာ ပင်လယ်ရေကြောင်း သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်အလို့ငှာ LNG ဓာတ်ငွေ့ရည်သိုလှောင်ရုံသစ် တည်ဆောက်ရန် စီစဥ်ထားသည့် ဆိုဒ်နေရာကို ပြောင်းရွှေ့မည်လား ဆိုသည်နှင့်ပတ်သက်နေသည်။

ယမန်နှစ်က အစားအသောက်ဆိုင်ရာ ဘေးကင်းရေးအကြောင်းပြချက်များနှင့်အတူ အဓိက အတိုက်အခံ ကူမင်တန်ပါတီ၏ ကန့်ကွက်ဆန့်ကျင်မှုများ ရှိသည့်ကြားက ထိုင်၀မ်အစိုးရသည် ractopamine ပါ၀င်သည့် ၀က်သားကို ခွင့်ပြုခဲ့သည်။ Ractopamine ကို ဥရောပသမဂ္ဂနှင့် တရုတ်တွင် ပိတ်ပင်ထားပြီး အမေရိကန်တွင်မူ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်။

ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ လီ၏ ပြောဆိုချက် မတိုင်မီ သီးခြား သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထိုင်၀မ် ကျန်းမာရေး၀န်ကြီး ချန်ရှီချွန်းက ပြောကြားရာတွင် ဗိုင်းရပ်စ်ကူးစက်မှုအသစ် ဖြစ်ပွားသည့် ဗဟိုချက်ဖြစ်သည့် စျေးကို သုံးရက်ကြာ ပိတ်ထားခဲ့ကြောင်း၊ ဗိုင်းရပ်စ် စစ်ဆေးမှု ရလဒ်များ ထွက်ပေါ်လာရန် ရှိနေခြင်းနှင့်အတူ အတည်ပြု ကူးစက်မှုများ ထပ်မံ တွေ့ရနိုင်ဖွယ် ရှိကြောင်း ပြောခဲ့သည်။

“ဒီမနက်မှာပဲ စစ်ဆေးမှုတွေကို ကျွန်တော်တို့ ဆက်လုပ်နေပါတယ်၊ ဒီတော့ ကူးစက်ခံရသူသစ်တွေ ရှိလာမယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ ဖယ်ထုတ်ထားလို့ မရနိုင်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

ပြည်တွင်းကူးစက်မှုသစ် ၅၇ ခု တွေ့ရှိကြောင်း ချန်က ပြောခဲ့သော်လည်း စျေးနှင့် ဆက်စပ်နေသည့် ကူးစက်မှုဖြစ်စဉ် ၄၁ ခုသည် တရား၀င် စာရင်းထဲတွင် မထည့်သွင်းရသေးဟု ၎င်းက ပြောခဲ့သည်။ တိုင်ပေမြို့ အစိုးရသာလျင် အဆိုပါ ကူးစက်မှုဖြစ်စဥ်များကို ဇူလိုင် ၂ ရက် မနက်အစောပိုင်းတွင် အတည်ပြုထားခဲ့သည်။

တိုင်ပေ၏ ၀မ်ဟွာ အရပ်ရှိ စျေးသည် ပြီးခဲ့သည့် မေလက ကနဦး ကူးစက်မှု အများအပြားကို ပထမဆုံး ထုတ်ဖော်တွေ့ရှိခဲ့သည့် အဓိကနေရာတစ်ခုလည်း ဖြစ်သည်။

ထိုင်၀မ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ကူးစက်ခံရသူဦးရေ ၁၄,၉၁၁ ဦးအဖြစ် ရပ်တည်နေပြီး သေဆုံးသူ ၆၇၆ ဦး ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly