ရော့ကတ်တပ် ဒရုန်းယာဉ်အုပ်စုများဖြင့် ရန်သူများကို လွှမ်းမိုးစီးနင်းနိုင်ရန် တရုတ် စီစဉ်နေ

By The National Interest
06 July 2021
ရော့ကတ်တပ် ဒရုန်းယာဉ်အုပ်စုများဖြင့် ရန်သူများကို လွှမ်းမိုးစီးနင်းနိုင်ရန် တရုတ် စီစဉ်နေ

တရုတ်နိုင်ငံရှိ ခိုင်မာအားကောင်းသည့် ထုတ်လုပ်ရေးအခြေခံတစ်ခုက သေးငယ်သော တိုက်ခိုက်ရေးဒရုန်းများကို အရေအတွက် အများအပြား တည်ဆောက်ရန်အတွက် ပေကျင်းကို ခိုင်မာအားကောင်းသည့် ရပ်တည်ချက်နေရာတစ်ခုတွင် ရောက်ရှိထားစေလျက်ရှိသည်။

တရုတ်သည် အင်မတန် များပြားသည့် စစ်သည်တပ်ဖွဲ့၀င်များနှင့်အတူ ယင်း၏ ရန်သူများ‌အပေါ် လွှမ်းမိုးစီးနင်းခဲ့သည့် သမိုင်းကြောင်း တစ်ခု ရှိသည်။

ယခုအခါ တရုတ်တွင် အဆိုပါ နည်းနာအတိုင်း ခေတ်မီ လုပ်ငန်းစဉ်တစ်ခု ရှိကောင်း ရှိနေနိုင်သည်။ ယင်းက ဒေါသထွက်နေသည့် ပျားများကဲ့သို့ ရန်သူတပ်ဖွဲ့များကို လွှမ်းမိုးစီးနင်းမည့် ရော့ကတ်တပ် အလွန်သေးငယ်သည့် ဟယ်လီကော်ပတာ ဒရုန်း အစု၊ အအုံများပင် ဖြစ်သည်။

“ပေါက်ကွဲစေတဲ့ မော်တာကျည်တွေ၊ ဗုံးပစ်လောင်ချာတွေနဲ့ စက်သေနတ်တွေကို သယ်ဆောင်ထားတဲ့ တရုတ်ရဲ့ ပြည်တွင်းထုတ် ဟယ်လီကော်ပတာ ဒရုန်းတွေဟာ ယခုအခါမှာ အစု၊အအုံ တွေလိုမျိုး စုဖွဲ့နိုင်ပြီး ချိတ်ဆက်ညှိနှိုင်းတိုက်ခိုက်မှုတွေမှာ ပါ၀င်နိုင်ပါတယ်” ဟု လူမဲ့ပျံသန်းရေးယာဉ် (UAV) များကို ထုတ်လုပ်သည့် ကွမ်တုံအခြေစိုက် ကျူဟိုင်ဇီယန် ကုမ္ပဏီမှ ထုတ်ပြန်ချက်တစ်စောင်ကို ကိုးကားပြီး တရုတ် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဖော်ပြသည်။ ယင်းစနစ်ကို မကြာ‌သေးခင်က တူရကီ စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုပြပွဲတစ်ခုတွင် ခင်းကျင်းပြသခဲ့သည်။

“ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ဒရုန်းတွေဟာ အလိုအလျောက် ပျံတက်သွားနိုင်မှာဖြစ်ပြီး လေထဲမှာ အချင်းချင်း မတိုက်မိအောင် ရှောင်ပြီး သူတို့ရဲ့ သတ်မှတ်ပစ်မှတ်လမ်းကြောင်းကို ရှာကြမှာဖြစ်တယ်” ဟု ဂလိုဘယ်လ်တိုင်းမ်က ဖော်ပြသည်။ “သူတို့ တိုက်ခိုက်ဖို့ ညွှန်ကြားချက် ရတာနဲ့တပြိုင်နက် သူတို့ဟာ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်မှုတစ်ခုနဲ့အတူ တပြိုင်နက်တည်း ပစ်မှတ်ကို ပါ၀င်တိုက်ခိုက်မှာဖြစ်တယ်၊ မစ်ရှင်တစ်ခု ပြီးတဲ့အခါမှာ စနစ်က ဒရုန်းတွေကို မူလအခြေစိုက်နေရာ ပြန်ခေါ်ပြီး အလိုအလျောက် ဆင်းသက်စေမှာဖြစ်တယ်၊ အော်ပရေတာအနေနဲ့ အန္တရာယ်ရှိတဲ့ ရှေ့တန်းမှာ လူကိုယ်တိုင် သွားစရာ မလိုသလို ဒရုန်းတွေကို အ‌ဝေးကနေ အလွယ်တကူ ထိန်းချုပ်နိုင်မှာဖြစ်တယ်” ဟု ဖော်ပြသည်။

ဟယ်လီ-ဒရုန်း ၁၀ စင်းအထိ အစု၊ အအုံတစ်ခုအဖြစ် စုဖွဲ့နိုင်ပြီး အသိဉာဏ်ရည်တု နည်းပညာဖြင့် ပဲ့ကိုင်ထိန်းချုပ်ပြီး အုပ်စုကို ချိတ်ဆက်ညှိနှိုင်းမည်ဖြစ်သည်။ “ဒရုန်း ၁၀ စင်းဟာ မတူညီတဲ့ ပုံစံတွေနဲ့ စုပေါင်းဖွဲ့စည်းမှုတစ်ခု ဖြစ်နိုင်ပါတယ်၊ အဲဒီထဲမှာ ပေါက်ကွဲစေတဲ့ မော်တာကျည်တွေ ချနိုင်တဲ့ ဒရုန်းတွေ ပါသလို ဗုံးပစ် လောင်ချာတွေ သယ်နိုင်တဲ့ ဒါမှမဟုတ် ယင်းဘာသာဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ ဒရုန်းတွေ ပါ ပါတယ်” ဟု ဂလိုဘယ်လ်တိုင်းမ်က ဖော်ပြသည်။

ကျူဟိုင်ဇီယန်သည် လက်နက်တပ် အသေးစား ဒရုန်း အမျိုးအစား အများအပြားကို ထုတ်လုပ်ကမ်းလှမ်းနေသည်။ ၂၀၁၈ ခုနှစ်က ယင်းက ထုတ်ဖော်ခဲ့သည့် Blowfish A2 သည် ကျောကုန်းဘက်တွင် ရိုတာဒလက်တစ်ခု ကပ်ထားသည့် ကုလားအုတ်တစ်ကောင်နှင့် ဆင်တူနေသည်။ အရှည် ခြောက်ပေ၊ အမြင့် နှစ်ပေ ရှိ ယင်းဒရုန်းသည် မြန်နှုန်းအားဖြင့် တစ်နာရီ ၁၃၀ ကီလိုမီတာ (၈၁ မိုင်) နှုန်းရှိသည်။ ယင်းသည် ၆၀- မီလီမီတာ မော်တာကျည်များနှင့် ၄၀- မီလီမီတာ ဗုံးပစ်လောင်ချာများကို တပ်ဆင်နိုင်သည်။

“အခြား ဟယ်လီကော်ပတာ ဒရုန်းတွေမှာ ရော့ကတ်တွေနဲ့ ဒုံးကျည်တွေကို ပစ်နိုင်တဲ့ Infiltrator ပါ ပါတယ်၊ နောက် Parus S1 ပေါ့၊ အဲဒါက ပစ်မှတ်ကို သူ့ဘာသာ အပျက်စီးခံပြီး ပေါက်ခွဲ ဖျက်စီးပစ်နိုင်ပါတယ်” ဟု ဂလိုဘယ်လ်တိုင်းမ်က ဖော်ပြသည်။ ကျူဟိုင်ဇီယန်သည် ယခုအခါ A2 ထက် အနည်းငယ် ပိုကြီးသည့် Blowfish A3 ကို ထုတ်လုပ်နေသည်။ ယင်းသည် မတူညီသော စက်သေနတ် အမျိုးအစားများကို တပ်ဆင်နိုင်သလို ပျံသန်းနေစဥ်အတွင်း ရှုထောင့်အများအပြားဖြင့် လက်နက်ကို ပစ်ခတ်စေနိုင်မည့် မတူညီသော လေခွင်းအား ဒီဇိုင်းတစ်ခုလည်း ပါ၀င်သည်။

“နိုင်ငံခြား ကုမ္ပဏီအများအပြားထံမှ စုံစမ်းမေးမြန်းမှုများ” ကို ရရှိထားသည်ဟု ကျူဟိုင်ဇီယန်ကုမ္ပဏီက ပြောသည်။ ယင်းအတွက်ကြောင့် ယင်းကုမ္ပဏီအနေဖြင့် ယင်း၏ နည်းပညာကို ရောင်းချ သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ဆန္ဒရှိကြောင်းကို ပြသနေသည်။

တရုတ်သည် သေးငယ်သော ဒရုန်းများဖြင့် အစုအအုံဖွဲ့ တိုက်ခိုက်မှုများကို ထုတ်ဖော်သည့် ပထမဆုံးသော နိုင်ငံတော့ မဟုတ်ပေ။ အမေရိကန်၏ ကာကွယ်‌ရေး အဆင့်မြင့်သုတေသနစီမံကိန်းများ အေဂျင်စီ (DARPA) သည် အစုအအုံပုံစံတိုက်ခိုက်နိုင်စွမ်းရှိသည့် နည်းဗျူဟာများ သို့မဟုတ် OFFSET နှင့်ပတ်သက်ပြီး လုပ်ဆောင်နေပြီး ယင်းသည် လူသားများကို ဒရုန်းရင်းမြစ် စီမံထိန်းသိမ်းသူများအဖြစ် ရှုမြင်ပုံဖော်ထားသည်။ ယင်းသည် မြို့ပြတိုက်ပွဲများအတွင်း သေးငယ်ပြီး လူမလိုက်ပါသော လေယာဉ် ရာနှင့်ချီ စုဖွဲ့မှုကို ထိန်းချုပ်ရန် ဗီဒီယိုဂိမ်းပုံစံ virtual reality နည်းပညာကို အသုံးပြုလုပ်ဆောင်သည်။ ၂၀၁၈ ခုနှစ်က DARPA ၏ ရန်သူ့ဧရိယာတွင်းပူးပေါင်းချိတ်ဆက်စစ်ဆင်‌ခြင်းများဆိုင်ရာ ပရိုဂရမ် စမ်းသပ်မှုတစ်ခုတွင် ဒရုန်း အစု၊အအုံများ မည်သို့ စုဖွဲ့သည်ကို ပြသထားခဲ့ပြီး ယင်းတို့သည် လူသားထိန်းချုပ်သူများနှင့်အကြား

ချိတ်ဆက်မှု ပြတ်တောက်သွားချိန်တွင်တောင်မှ မစ်ရှင်ပလန်၏ ရည်ညွန်းချက်အတိုင်း လိုက်ပြီး AI နည်းပညာဖြင့် သတ်မှတ် ပစ်မှတ်များကို ရှာဖွေတိုက်ခိုက်နိုင်စွမ်း ရှိနေဆဲဆိုသည်ကို ပြသထားခဲ့သည်။

ရုရှားသည်လည်း ဒရုန်း အစုအအုံများနှင့်ပတ်သက်ပြီး အတွေ့အကြုံ ရှိထားသည်။ သို့သော် ပစ်မှတ်ထားခံရသူ ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ပေါက်ကွဲစေသော ပစ္စည်းများ ပါသည့် သေးငယ်သော လူမဲ့ယာဥ်အစုအဖွဲ့တစ်ခုကို ဆီးရီးယား သူပုန်များက ဆီးရီးယားရှိ ရုရှား လေတပ်စခန်းတစ်ခုကို စေလွှတ်ခဲ့သည်။ ယင်းအခါ ယာဥ်ခုနစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်းနှင့် အခြား ခြောက်စင်းကို ထိန်းချုပ်ရန် ရေဒီယိုလင့်များကို အပိုင်စီးနိုင်ခဲ့ကြောင်း ရုရှားက ထုတ်ဖော်ခဲ့သည်။

တရုတ်၏ ဒရုန်း အစုအအုံနှင့်ပတ်သက်ပြီး အထူးစိတ်၀င်စားစရာ ကောင်းသည့်အချက်က ဒရုန်းထုတ်လုပ်မှုပိုင်းတွင် တရုတ်၏ လွှမ်းမိုးမှုပင်ဖြစ်သည်။ တရုတ်ကုမ္ပဏီ DJI သည် အမေရိကန်နှင့် ကနေဒါတွင် သုံးနေသည့် ဒရုန်းများ၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ထုတ်လုပ်သည်။ ( ထိုစက်ရုပ်များသည် အသုံးပြုသူများထံမှ ဒေတာများ ခိုးယူနိုင်သည်ဟု အမေရိကန် အာဏာပိုင်များက မကြာသေးခင်က သတိပေးထားသည်) ယင်းကဲ့သို့သော ခိုင်မာအားကောင်းသည့် ထုတ်လုပ်မှု အခြေခံတစ်ခုက သေးငယ်သော တိုက်ခိုက်ရေးဒရုန်းများကို အရေအတွက်အများအပြား တည်ဆောက်ရန်အတွက် ပေကျင်းကို ခိုင်မာအားကောင်းသည့် ရပ်တည်ချက်နေရာတစ်ခုတွင် ရောက်ရှိထားစေလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly