နိုင်ဂျီးယားမှာ ဘော်ဒါကျောင်း ကျောင်းသားကျောင်းသူ ၁၄၀ ကို လက်နက်ကိုင်တွေ အဓမ္မဖမ်းဆီးသွား 

နိုင်ဂျီးယားမှာ ဘော်ဒါကျောင်း ကျောင်းသားကျောင်းသူ ၁၄၀ ကို လက်နက်ကိုင်တွေ အဓမ္မဖမ်းဆီးသွား 
Photo - AFP

ဇူလိုင် ၆

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းတစ်ကျောင်းကနေ ကျောင်းသားကျောင်းသူ ၁၄၀ ကို လက်နက်ကိုင်တွေက အဓမ္မ ပြန်ပေးဆွဲသွားကြောင်း ကျောင်းတာဝန်ရှိသူတစ်ဦးနဲ့ ရဲဌာနက ပြောပါတယ်။  

အခု ကလေးငယ်တွေကို ပြန်ပေးဆွဲသွားမှုဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ စာသင်အရွယ်ကလေးငယ်တွေကို ပစ်မှတ်ထားပြီး အဓမ္မခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်တွေရဲ့ နောက်ဆုံး ဖြစ်ရပ်အဖြစ် တနင်္လာနေ့က ဖြစ်ပွားခဲ့တာပါ။ 

လက်နက်အင်အားတောင့်တဲ့ ဂိုဏ်းအဖွဲ့တွေရဲ့ တိုက်ခိုက်လုယက်တာ၊ ကျွဲနွားတွေ ခိုးယူတာနဲ့ ပြန်ပေးဆွဲငွေညှစ်တာတွေရဲ့ ဒဏ်ကို နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ရေရှည်ခံစားကြုံတွေ့နေရတာ ဖြစ်ပေမယ့် အခုနှစ်ကစလို့ အဲဒီ ဂိုဏ်းအဖွဲ့တွေဟာ စာသင်ကျောင်းနဲ့ ကောလိပ်တွေကို ပိုပြီး ပစ်မှတ်ထားလာကြပါတယ်။ 

တနင်္လာနေ့ အစောပိုင်းနာရီမှာ ကာဒူနာပြည်နယ်က နှစ်ခြင်းခရစ်ယာန် အထက်တန်းကျောင်းကို လက်နက်ကိုင်တွေ ဝင်စီးပြီး သေနတ်ပစ်ဖောက်ကာ လုံခြုံရေးအစောင့်တွေကို ထိန်းသိမ်းပြီးနောက် ကျောင်းနေကလေး ၁၆၅ ဦးမှာ အများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားတော့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ 

“ပြန်ပေးသမားတွေက ကျောင်းသားကျောင်းသူ ၁၄၀ ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ကျောင်းသားကျောင်းသူ ၂၅ ယောက်ပဲ လွတ်ကျန်ခဲ့တယ်၊ သူတို့လေးတွေကို ဘယ်ကို ခေါ်သွားလဲဆိုတာ ကျွန်တော်တို့ မသိသေးဘူး”လို့ ဆရာတစ်ဦးဖြစ်တဲ့ အမ်မန်နျူရယ်ပေါလ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

သူတို့ မျက်မြင်အရပ်ကနေ ပျောက်သွားပြီဖြစ်တဲ့ ကလေးတွေအတွက် သောကပွားရတဲ့  မိဘတွေဟာ သတင်းတွေ ကြားရနိုးနဲ့ စာသင်ကျောင်းနားမှာ စောင့်ဆိုင်းနေကြပါတယ်။ 

“ကာဒူနာပြည်သူတွေကို အစိုးရက မကာကွယ်ပေးနိုင်ဘူး”လို့ ဖမ်းဆီးခံကလေးတစ်ဦးရဲ့ ဖခင်ဖြစ်သူ ကမ်ဘီက သတင်းထောက်တွေကို ပြောပါတယ်။ 

“ကလေးတွေကို ပြန်မခေါ်ပေးနိုင်မချင်း ကျွန်တော်တို့ ဆန္ဒပြသွားမယ်၊ ဆက်ပြီး ဆန္ဒပြနေမယ်”လို့ သူက ပြောပါတယ်။ 

အခု အဓမ္မခေါ်ဆောင်သွားမှုကို ကာဒူနာပြည်နယ်ရဲဌာန ပြောခွင့်ရသူ မူဟာမတ်ဂျာလီဂီက အတည်ပြုပေမယ့် ဖမ်းဆီးခံသွားရတဲ့ တပည့်ဦးရေကိုတော့ အသေးစိတ် မပြောပါဘူး။ 

“ပြန်ပေးသမားတွေရဲ့ နောက်ကို နည်းဗျူဟာမြောက်ရဲတပ်ဖွဲ့ လိုက်လံနေတယ်၊ ကျွန်တော်တို့ ကယ်ဆယ်ရေးမစ်ရှင် ဆောင်ရွက်နေတယ်”လို့ သူက ဆိုပါတယ်။ 

နိုင်ဂျီးရီးယားမှာ ဒီဇင်ဘာကစပြီး ပြန်ပေးဆွဲခေါ်ဆောင်ခံရတဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ နီးပါးရှိခဲ့ပါတယ်။ အများစုဟာ ဌာနေတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးမှာ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် တစ်ချို့တွေကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly