မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ အာဆီယံ၏ အစီအစဉ်ကို ထောက်ခံကြောင်း ရုရှား ပြော

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ အာဆီယံ၏ အစီအစဉ်ကို ထောက်ခံကြောင်း ရုရှား ပြော

ဇူလိုင် ၆

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အဆုံးသတ်စေရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ သံတမန်ရေးရာ အားထုတ်မှုကို ရုရှားနိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် အလားတူ မက်ဆေ့ချ်ကို မြန်မာအာဏာသိမ်းစစ်တပ်ခေါင်း‌ဆောင်ပိုင်းထံလည်း ပေးပို့ခဲ့ကြောင်း ၎င်းက ပြောသည်။

အာဆီယံအုပ်စုက သဘောတူထားသည့် ဘုံသဘောတူညီချက် ငါးချက်သည် အခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် အခြေခံဖြစ်သင့်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလ် လက်ဗ်ရော့ဗ်က ဂျကာတာသို့ သွားရောက်သည့် ခရီးစဉ်တစ်ခုအတွင်း ပြောသည်။

“မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ ဆက်သွယ်ပြောဆိုရာမှာ ကျွန်တော်တို့အနေနဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်၊ အဲဒါက အကျပ်အတည်းကို ပြေလည်စေဖို့အတွက်နဲ့ အခြေအနေကို ပုံမှန်အတိုင်း ပြန်ရောက်စေဖို့အတွက် အခြေခံတစ်ခုအဖြစ် စဉ်းစားသင့်တယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” ဟု လက်ဗ်ရော့ဗ်က ပြောခဲ့သည်။

လက်ဗ်ရော့ဗ်သည် ဂျကာတာ ခရီးစဉ်အတွင်း အခြားသော အာဆီယံနိုင်ငံခြားရေး၀န်ကြီးများနှင့်အကြား အွန်လိုင်း ဆွေးနွေးမှုများ လုပ်ဆောင်လိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တ်နို မာဆူဒီက ပြောသည်။

ရုရှားနှင့် မြန်မာစစ်တပ်အကြား ချိတ်ဆက် ပတ်သက်မှု နက်ရှိုင်းနေစဉ်ယခုကဲ့သို့ ရုရှားနိုင်ငံခြားရေး၀န်ကြီး၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဓိက ကမ္ဘာ့ အင်အားကြီးနိုင်ငံများသည် မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်များနှင့် စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ထားခဲ့သလို မြန်မာနိုင်ငံထဲ လက်နက်စီး၀င်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ တားမြစ်ပိတ်ပင်မှုတစ်ရပ် လုပ်ဆောင်ရေး တောင်းဆိုထားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ ဖေဖေါ်၀ါရီ ၁ ရက်တွင် အာဏာသိမ်းယူထားပြီးနောက်ပိုင်း နိုင်ငံသည် အကျပ်အတည်းအောက် ကျရောက်နေသည်။ အာဏာသိမ်းမှုအပေါ် နိုင်ငံတ၀န်း အမျက်ဒေါသထွက်ရာကနေ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး ယင်းဆန္ဒပြမှုများအပေါ် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့များက လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required