ရုရှားတွင် လူ ၂၉ ဦး လိုက်ပါသွားသည့် ခရီးသည်တင်လေယာဉ် ပျံသန်းရင်း ပျောက်ဆုံး

ရုရှားတွင် လူ ၂၉ ဦး လိုက်ပါသွားသည့် ခရီးသည်တင်လေယာဉ် ပျံသန်းရင်း ပျောက်ဆုံး
Photo - AFP

ဇူလိုင် ၆

ရုရှားနိုင်ငံ၏ အရှေ့ဘက်စွန်းရှိ ကမ်ချတ်ကာ ကျွန်းဆွယ်တွင် လူပေါင်း နှစ်ဒါဇင်ကျော် လိုက်ပါသွားသည့် ခရီးသည်လေယာဉ်တစ်စင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူများက ဇူလိုင် ၆ ရက်တွင် ပြောသည်။

အဆိုပါ An-26 လေယာဉ်သည် ကမ်ချတ်ကာ၏ အဓိကမြို့ ပီထရိုပက်ဗ်လော့ဗ်စ်ခ်-ကမ်ချတ်စကီမှ ပယ်လာနာမြို့ဆီ ပျံသန်းခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကာ စီစဥ်ထားသည့်အတိုင်း ဆင်းသက်နိုင်ခဲ့ခြင်း မရှိဟု ပြည်တွင်း သယ်ယူပို့ဆောင်ရေး ရုံးမှ ပြော‌‌ရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဗယ်လန်တီနာ ဂလာဇိုဗာက အေအက်ဖ်ပီကို ပြောသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် အမှုထမ်း ခြောက်ဦးအပါအ၀င် လူ ၂၉ ဦး လိုက်ပါသွားကြောင်း သူမက ပြောသည်။

“ရှာဖွေကယ်ဆယ်ရေး အားထုတ်မှုတွေ လုပ်နေပါတယ်၊ ခုချိန်ထိ သိထားရသလောက်ကတော့ လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်၊ ဆင်းသက်မလာနိုင်ခဲ့ဘူး ဆိုတာပါပဲ” ဟု သူမက ပြောသည်။

အဆိုပါ လေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာရှိ ရုရှား၏ အရှေ့ဘက်စွန်း ကမ်ချတ်ကာ ကျွန်းဆွယ်ရှိ ပြည်တွင်း လေကြောင်းကုမ္ပဏီတစ်ခုက ပြေးဆွဲနေသော လေယာဉ်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ယင်းလေယာဉ်နှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ပြည်တွင်း၌ သတင်းအမျိုးမျိုး ထွက်ပေါ်နေပြီး ကွဲလွဲမှုများလည်း ရှိနေသည်။ လေယာဉ်သည် ပင်လယ်ထဲ ပျက်ကျသွားခဲ့နိုင်သည်ဟု သတင်းရင်းမြစ်တစ်ဦးက TASS သတင်းအေဂျင်စီကို ပြောခဲ့သလို အခြားသတင်းရင်းမြစ်တစ်ဦးကလည်း လေယာဉ်သည် ပယ်လာနာမြို့အနီး ကျောက်မီးသွေးမိုင်းတွင်းတစ်ခုအနီး ပျက်ကျခဲ့နိုင်သည်ဟု Interfax သတင်းဌာနသို့ ပြောခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရဟတ်ယာဉ်နှစ်စင်းထက်မနည်း ပါ၀င်သည့် ရှာဖွေရေး လုပ်ငန်းတစ်ရပ် လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးလုပ်သားများကို အသင့်ပြင်ခိုင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly