ကောလင်းမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်

ကောလင်းမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်

ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်ဒုဦးစီးမှုးအပါအဝင် စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး ဆယ်ဦးထက်မနည်း စစ်ကောင်စီထံ နှုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးတွေရဲ့ နှုတ်ထွက်စာထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုတဲ့ စိတ်ဆန္ဒမရှိတော့တဲ့အတွက် နှုတ်ထွက်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်ဒုဦးစီးမှူး ချမ်းပြည့်အောင်ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှ နှုတ်ထွက်ခဲ့ပါတယ်။

အခုနှုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကောလင်းမြို့နယ်ထဲက ယင်းတိုက်ကျေးရွာအုပ်စု၊ မိုးနှံကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာအုပ်စု၊ မင်းကုန်းခံသာ ကျေးရွာအုပ်စု၊ သရက်ချဉ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာအုပ်စု၊ တောင်ကြားအုပ်စုနဲ့ တဂေါင်းအိုင်တို့က အုပ်စုအုပ်ချုပ်ရေးမှူးတွေ ဖြစ်ပါတယ်။

အဲဒီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဟာ ဇူလိုင်လ ၄ ရက်နေ့မှာ တပြိုင်နက် နှုတ်ထွက်စာ တင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုလိုစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အများအပြား နှုတ်ထွက်တာကြောင့် ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်တော့ဘဲ ပြိုပျက်စပြုတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly